ထိန်းချုပ်နယ်မြေတွေ လက်မလွတ်ရရေးနဲ့ စစ်တပ်စခန်းတွေ ထပ်သိမ်းနိုင်ဖို့ ပြင်ဆင်ထားဟုဆို
နိုဝင်ဘာ-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်ကောင်စီ(CC)အနေနဲ့ စစ်ကောင်စီ တိုက်ထုတ်နိုင်ရေးကိုသာ ဦးစားပေး လုပ်ဆောင်သွားဖို့ရှိကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းပြည်ကောင်စီနယ်မြေက စစ်ရေးအခြေအနေ၊ စစ်ကောင်စီထိုးစစ်ကို ခုခံဖို့ ပြင်ဆင်ထားမှု၊ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား ပြဿနာများထပ်မံမဖြစ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေအပေါ် ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း Nai John Kimက အခုလို ပြောတာဖြစ်ပါတယ်။

Public Service Announcement
” အချင်းချင်းကြားပြသနာ မဖြစ်အောင်၊ နားလည်မှုမလွဲအောင်၊ ယုံကြည်မှုတည်ဆောက် ရမယ်၊ ကျနော်တို့ အနေနဲ့တော့ ချင်း အချင်းချင်းပြသာနာထက် စကမ(စစ်ကော်မရှင်တပ်) ကိုဘဲ ပိုပြီး ဦးစားပေး တိုက်ထုတ်သွားမယ်”လို့ ချင်းပြည်ကောင်စီ ကာကွယ်ရေး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းပြဿနာ ဖြစ်ပေါ်လာခြင်းကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှု ပိုရတာ၊ တော်လှန်ရေး ရှေ့ရောက်စေတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။
” ချင်း အချင်းချင်း ပြဿနာဖြစ်လို့ ချင်းလူမျိူးတွေသေတယ်၊ စစ်ဘေးရှောင်တယ်၊ အမျိုးမျိုး ဒုက္ခရောက်စေတယ်။ အဲဒီတော့ ချင်းပြည်ငြိမ်းချမ်းအောင်၊ လွတ်မြောက်အောင် အတူတကွကြိုးစား၊ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်နိုင်မှာ၊ ချင်း တွေရဲ့ ရဲစွမ်းသတ္တိက အချင်းချင်းကြားမှာ ဖော်ပြဖို့မဟုတ်ဘူး၊ ဘုံရန်သူက စကမပါ” ဟု ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းပြည်ကောင်စီအဖွဲ့ဝင်၊ တပ်ဖွဲ့တွေနဲ့ ချင်းညီနောင်အဖွဲ့ဝင်တွေအကြား နယ်မြေဆိုင်ရာနဲ့ပတ်သက်ပြီး အငြင်းပွားတာ၊ တိုက်ပွဲတွေဖြစ်တာ ရှိခဲ့ပါတယ်။ ချင်းတော်လှန်ရေးအင်အားစု နှစ်ခု ညီညွတ်ရေး နဲ့ တိုက်ပွဲတွေ ထပ်မံ မဖြစ်ပွားရေး အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက အသိပေးပါတယ်။
” ချင်းပြည်နဲ့ ပြင်ပ နေရာများမှာလဲ ပူးပေါင်း တိုက်ယူနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ အရင်က သိမ်းပြီးသား နယ်မြေတွေ စခန်းတွေကိုလည်း လက်မလွတ်အောင် စစ် ရေးပြင်ဆင်ထားတာတွေရှိပါတယ်”လို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ချင်းပြည်မြောက်ပိုင်းဒေသကို မြေပြင်ကစစ်ကြောင်းထိုးတာ၊ လေကြောင်းက စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပါတယ်။
ချင်းမြောက်က တီးတိန်မြို့နယ်ကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်မှ မြေပြင်စစ်ကြောင်းထိုးဝင်လာလာလို့ အောက်တိုဘာလကုန်ပိုင်းမှာ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ဒါ့အပြင် တီးတိန်မြို့ဘက်က သိုင်းငင်းဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကိုလည်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းက ခုခံတိုက်ခိုက်နေတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဟာ ချင်းတောင်ပိုင်းမှာလည်း အထူးသဖြင့် ချင်းညီနောင်သိမ်းထားတဲ့ မြို့တွေဖြစ်တဲ့ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တွေကို လေကြောင်း တိုက်ခိုက်မှုတွေဆက်လုပ်ဆောင်ခဲ့ပါတယ်။


















































