နိုဝင်ဘာ-၃၊၂၀၂၅။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ အပစ်ရပ်ထားတဲ့ ကာလမှာ တအာင်တပ်မတော်(TNLA)အနေနဲ့ ဒေသတွင်း တည် ငြိမ်ရေးနဲ့ လွတ်လပ်စွာ ခရီးသွားလာရေး ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်လို့ ခရီးသွားပြည်သူတွေနဲ့ စစ်ရှောင်တွေ ပြည်သူလူထုတွေ နေရပ်မြို့ရွာသို့ လွတ်လပ်စွာ ခရီးသွားလာနိုင်ပြီဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၃ရက်မှာ ထုတ်ပြန်တဲ့ TNLA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာလထုတ် စာစောင် အယ်ဒီတာ့အာဘော်မှာ အခုလိုအသိပေးဖော်ပြထားတာဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ စစ်ကောင်စီနဲ့ TNLAတို့ရဲ့ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၇၊ ၂၈ရက်မှာ တရုတ်နိုင်ငံ ကူမင်းမှာ ကျင်းပခဲ့ပြီး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာပါ။

Public Service Announcement
သဘောတူညီချက်မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့က TNLA တပ်တွေ ပြန်လည်ဆုတ်ခွာရမှာ ဖြစ်သလို စစ်ကောင်စီကလည်း TNLAဒေသကို လေယာဉ်ဗုံးကြဲတာ ထိုးစစ်ဆင်တိုက်ခိုက်တာ ရပ်တန့်ရမယ်ဆိုတာမျိုး ပါရှိပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးရခြင်းဟာ လူထုရဲ့ဘေးကင်းလုံခြုံမှုနဲ့ ထိခိုက်နစ်နာမှုလျော့နည်းစေဖို့ ရည်ရွယ်ပြီး ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရတယ်လို့လည်း TNLA သတင်းပြန်ကြားရေးဌာနရဲ့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် အပြင်းအထန် ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူတွေရဲ့ အသက်အိုးအိမ်ထိခိုက်သေဆုံးမှု တိုးလာတာကြောင့် အောက်တိုဘာလမှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၅၀ကျော်သေဆုံးကာ ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီဟာ TNLA နဲ့အပစ်ရပ်စဲပြီး ရှမ်းမြောက်ဒေသကို လေကြောင်းတိုက်ခိုက်တာ ရပ်နားသွားပေမယ့် TNLAရဲ့ မဟာမိတ်အာရက္ခတပ်တော်(AA)နယ်မြေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့လို့ ရက္ခိုင်ပြည်သူတွေ သေဆုံးထိခိုက်မှု အများအပြားရှိခဲ့ပါတယ်။


















































