■စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ လွိုင်ကော်မှာစစ်အုပ်စုကထိန်ပွဲတွေစည်ကားအောင်လုပ်ပြီး ကျန်ဒေသတွေကိုဗုံးပတ်ကြဲနေဟုဒေသခံပြော
နိုဝင်ဘာ-၃ ၊၂၀၂၅။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊ဖရူဆို နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ စိုက်ပျိုးသီးနှံတွေရိတ်သိမ်းနေတဲ့ ပြည်သူတွေကိုစစ်တပ်က ပစ်မှတ်ထားပြီးဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကယနေ့ထုတ်ပြန်ပါတယ်။
အောက်တိုဘာလအတွင်း ဖရူဆို နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းစိုက်ပျိုးသီးနှံ ရိတ်သိမ်း နေတဲ့ ဒေသခံပြည်သူတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအနည်းဆုံး ၉ ကြိမ်လုပ်ခဲ့တယ်လို့စာရင်းနဲ့တကွ KNDF ကထုတ်ပြန်ပါတယ်။

Public Service Announcement
“ အခုက စပါးရိတ်သိမ်းတဲ့အချိန်လူထုကို ဒုက္ခ ရောက်အောင် ကြံစည်တယ်ပဲပြောရမယ်။အခုက တိုက်ပွဲသိပ်မဖြစ်ပေမယ့် စကစ ရဲ့ ဒရုန်းတွေက အဆင့်မြင့်လာတော့ ဝေးဝေးပျံလာနိုင်တာမျိုးတွေ့ရတယ်” လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တဦးက လူထုနွေဦးကိုပြောပါတယ်။
တောင်ယာသီးနှံရိတ်သိမ်းနေတဲ့ ဒေသခံတောင်သူတွေကိုစစ်ကောင်စီက ဒရုန်းနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာကို ဖရူဆိုမြို့နယ်မှာ ခြောက်ကြိမ်ထက်မနည်းလုပ်ခဲ့တယ်လို့ KNDF ကအသိပေးပါတယ်။
အောက်တိုဘာလ ၁၃ ရက်ကစပြီးဆိုလျားကူးကျေးရွာနဲ့ ဒေါညေခူကျေးရွာကြား၊အောက် တိုဘာ ၁၉ က လောလျာခူကျေးရွာအနီး၊အောက်တိုဘာလ ၂၁ ရက်ကဒေါကူးခူကျေးရွာဝန်းကျင်ကို ဗုံးကြဲတာကြောင့် အမျိုးသမီး တဦးသေဆုံးပြီး အမျိုးသမီးလေးဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါအပြင်အောက်တိုဘာနောက်ဆုံးပတ်က ထီးသော်ကူးကျေးရွာ၊ဆိုလျားကူးနဲ့ဒေါကူးခူကျေးရွာ စိုက်ကွင်းမှာစပါးသယ်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို ၊ အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အလားတူဒီးမော့ဆိုမြို့နယ်မှာလည်အောက်တိုဘာ၂၃ ရက်က ပဒိုငံကျေးရွာအနီးမှာ စစ်ကောင်စီဒရုန်းနဲ့တိုက်ခိုက်လို့ ဒေသခံရွာသား တဦးသေဆုံး ပြီးသုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်မှာ ဒေါပေါ်ကလဲကျေးရွာနဲ့ ဒေါကလိုးခူကျေးရွာ ကြားက လယ်စိုက်ကွင်းတွေမှစပါးရိတ်သိမ်းနေတဲ့ ဒေသခံတွေကို ဒရုန်း နှစ် စီးနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် ဒေါပေါ်ကလဲ၊ ပါဒေါဒူကျေးရွာက လယ်ကွင်းတွေကို စစ်ကောင်စီမှ ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုလည်း ဆက်တိုက်လုပ်နေပြီးစစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သား ပြည်သူတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေဖို့ ရည်ရွယ် ချက်ရှိရှိတိုက်ခိုက်နေတယ်လို့ KNDF တာဝန်ရှိသူက သုံးသပ်ပါတယ်။
ကရင်နီဒေသခံတစ်ဦးက” လွိုင်ကော်မှာတော့ ဘုံကထိန်ပွဲတွေ စည်းစည်းကားကားပဲ။အခုတန်
ဆောင်တိုင်ပွဲကိုပါ ပြည်နယ်ရုံးမှာလုပ်ဖို့ စီစဥ်ထားတယ်။ဒါပေမယ့် တခြားမြို့နယ် တွေကို လေယာဥ်ရော ဒရုန်းနဲ့ပါ နေ့တိုင်းနီးပါ ဗုံးကြဲတာမျိုးလုပ်နေတာ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်မနက် ၇ နာရီဝန်းကျင်က ဒီးမော့ဆို မြို့နယ် အနောက်ဘက်ခြမ်းကို အသေခံဒရုန်း ၊ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲခဲ့လို့ အရပ်သားအပါအဝင် ကရင်နီရဲ တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် ပြည်နယ်တွင်းက ပြည်သူတွေအနေနဲ့ စစ်ရေးသတိ သွားလာ လုပ်ကိုင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တိုက်တွန်းပါတယ်။


















































