နိုဝင်ဘာ-၃၊၂၀၂၅။မေရီ/People’s Spring
စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် ဖမ်းဆီးခံခဲ့ရဖူးတဲ့ မိုးကုတ်မြို့ကရေပူဆရာတော်ဒီကနေ့ညနေပိုင်းကပျံလွန်တော်မူခဲ့ကြောင်းသတင်းရရှိပါတယ်။
၂၀၂၁ခုနှစ်၊မတ်လ၁၁ ရက်နေ့ကမိုးကုတ်မြို့မှာ လူထုဆန္ဒထုတ်ဖော်မှုကို စစ်ကောင်စီကနေ အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ဝင်တားခဲ့လို့ ဖမ်းဆီးခံရဖူးတဲ့ ရေပူဆရာတော် ဦးဣန္ဒကဟာ ၈ လကျော် အကျဥ်းချခံခဲ့ရပါတယ်။ ပြန်လွတ်လာပြီးနောက် ကျန်းမာရေးမကောင်းခဲ့တဲ့ဆရာတော်ဟာ ဒီကနေ့ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၃ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်မှာတော့ ပျံလွန်တော်မူသွားခဲ့ပြီဖြစ်ကြောင်း မိုးကုတ်ဒေသခံတွေက ပြောပါတယ်။
ရေပူဆရာတော်ဟာဓမ္မဘက်တော်သားများ အားကိုးအားထားပြုခဲ့ရတဲ့ ဆရာတော်တပါးဖြစ်တဲ့အတွက် ဆုံးရှုံးမှုကြီးမားကြောင်း နိုင်ငံရေးသမားတွေက ပြောပါတယ်။

Public Service Announcement
“ဆရာတော်ဟာ ပရဟိတအပြင် စာမသင်နိုင်တဲ့ ကလေးတွေအတွက် အခမဲ့ စာသင်ကျောင်းတွေဖွင့်လှစ်ခဲ့တဲ့အပြင် အဖိနှိပ်ခံပြည်သူတွေရှေ့ကနေ အမြဲရပ်တည်ခဲ့တဲ့ ဆရာတော်ပါ။ဆရာတော်ဟာမိုးကုတ်မြို့အတွက်သာမက မြန်မာ့အရေးအတွက်ပါ ဆုံးရှုံးမှုကြီးပါ”လို့ တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့် ကလူမှုကွန်ရက်မှာ ရေးသားပါတယ်။
ဆရာတော်ဟာအာဏာသိမ်းကာလမတိုင်မီကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့အတွက် အာဏာရှင်တွေရဲ့ မျက်မုန်းကျိုးမှုကို ခံယူခဲ့ရသူဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ရေပူဆရာတော်ကို၂၀၁၅ ခုနှစ်၊ ဇွန်လကသူ့ရဲ့ ကျောင်းတိုက်ဝင်းအတွင်း ကျောင်းဆောင်သစ်ဆောက်ဖို့နဲ့စေတီတည်ဖို့မြေပြုပြင်တာကိုကျောက်တူးဖော်တယ်ဆိုပြီး တရားမဝင် ကျောက်မျက်တူးဖော်မှု၊ သာသနာတော် ညှိုးနွမ်းစေမှုနဲ့ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှု စတဲ့ပုဒ်မ ၃ ခုနဲ့ မိုးကုတ်မြို့မ ရဲစခန်းကနေ ဖမ်းဆီးခဲ့ဖူးပါတယ်။
ဒါအပြင်ရေပူဆရာတော်ဟာ မိုးကုတ်မြို့မှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုအား ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဆရာတော်တပါးဖြစ်ပါတယ်။


















































