နိုဝင်ဘာ ၃၊၂၀၂၅။တိုးနေဝင်း၊သတိုး/People’s Spring
စတိတ်စင်ပေါ်မှာ ညစ်ညမ်းစကားလုံးတွေပြောပြီးဆဲဆိုခဲ့တဲ့ ရက်ပါအဆိုတော်တစ်ဦးကို စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့သတင်းထွက်ပေါ်နေပါတယ်။
နိုဝင်ဘာ ၁ ရက် နဲ့ ၂ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏမှာကျင်းပခဲ့တဲ့ Overflow Festival ဖျော်ဖြေပွဲမှာ စတိတ်စင်ပေါ်ကနေ ကွန်ဒုံးဝေရင်း ညစ်ညမ်းစကားလုံးတွေ ပြောဆိုခဲ့တဲ့ Wink Owens ဆိုတဲ့ ဂီတအဖွဲ့က ရက်ပါအဆိုတော်တစ်ဦးရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ တက်လာခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်လာခဲ့တယ်။ အဲဒီအဆိုတော်ကို စစ်တပ်က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းနဲ့ အဆိုတော်ရဲ့ဇာတိမြို့ကရင်းမြစ်အချို့ကရေးသားနေကြပါတယ်။
အဆိုပါ အဆိုတော်ဟာ မန္တလေးမြို့မှာနေထိုင်သူဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့အတွက် မန္တလေးမြို့က သာသနာသန့်ရှင်းရေး ဝိသောဓနီအဖွဲ့က မစိုးရိမ်ဖေးမလက်တွဲကူဆိုတဲ့ သံဃာတော်တပါးရဲ့ အကောင့်ကနေ လှုံဆော်ခဲ့ပါသေးတယ်။ အဲဒီ မစိုးရိမ်ဖေးမလက်တွဲအကောင့်ကနေ ဒီကနေ့ညမှာ ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း Post တင်ခဲ့ပါတယ်။ အလားတူ မဘသ ဘုန်းကြီးအချို့ကလည်း ရုပ်သံဖိုင်နဲ့ တကွ ဖမ်းဆီးဖို့ တိုက်တွန်းတဲ့ပို့စ်တွေရေးသား ထားကြပါတယ်။

Public Service Announcement
စစ်တပ် အမာခံထောက်ခံသူအဆိုတော် ယုန်လေးကလည်း “ ဖမ်းသွားပါပြီ။ မနောက်ဘူး ဖြစ်စေချင်လို့ မဟုတ်ဘူး ။ ဖြစ်နိုင်တာ ပြောပြတာ။ အဲ့လို အပြောအဆိုနဲ့ ရောက်သွားတာဆိုတော့ သူ့ ကို စင်ပေါ်မှာ သူပြော သလို သူ့ကို လုပ် ခံရနိုင်တယ်။ အထဲ မှာ ကွန်ဒုံးတော့ မရှိလောက်ဘူး ။ လူငယ်တစ်ယောက်ကို မလှောင်ပါဘူး။” လို့ သူ့ရဲ့ Facebook စာမျက်နှာကနေ အသိပေးပါတယ်။
ဒါပေမယ့်အဆိုပါ အဆိုတော် အဖမ်းခံရခြင်း ဟုတ်၊မဟုတ်ကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။
အဲဒီ ရုပ်သံဖိုင်ပျံ့နှံ့ခဲ့ပြီးနောက် Wink Owensအဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ
“ မနေ့ည Overflow မှာ ကျွန်တော့်ရဲ့ သီဆိုဖျော်ဖြေမှု့ကြောင့် မိဘပြည်သူများအပေါ်စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ် ထပ်ပြီးနောက်နောင်မဖြစ်အောင် ဆင်ခြင်ပါ့မယ်လို့ ကတိပြုပါတယ်ခင်ဗျာ” လို့ တောင်းပန်ခဲ့ပါသေးတယ်။
Overflow Festival ဖျော်ဖြေပွဲ စာမျက်နှာကနေလည်း အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်းပန်ခဲ့ပြီး အဲဒီအဆိုတော် Wink နဲ့ Bkho Bain ကိုလက်တွဲဖြုတ်လိုက်ကြောင်း အသိပေးခဲ့ပါသေးတယ်။ “ ဒါဟာ ထင်မှတ်မထားဘဲ ဖြစ်ခဲ့တာဆိုပေမဲ့ လူမှုရေးအရ မသင့်တော်တဲ့စကားတွေ၊ အသုံးအနှုန်းတွေပါသလို ယဉ်ကျေးမှုအရလည်း ရုပ်ဆိုးအကျည်းတန်စေခဲ့တာကြောင့် ဒီလိုကိစ္စမျိုး နောက်နောင် ဘယ်တော့မှ ထပ်မဖြစ်အောင် သေချာ ကြပ်မတ် ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်။” ရေးသားခဲ့ပါတယ်။
ဒါပေမယ့် စစ်တပ်က ပြည်သူတွေကို တော်လှန်ရေးအပေါ် စိတ်မဝင်စားအောင်အာရုံပြောင်းတဲ့ လုပ်ရပ်တွေ မကြာခဏလုပ်လေ့ရှိတာကြောင့် အခုဖြစ်ရပ်တစ်ခုလုံး ကြိုင်တင်စီစဥ်ထားတာဖြစ်နိုင်တယ်လို့ ပြည်သူအချို့က ပြောပါတယ်။ ဒါအပြင် အဆိုတော်ဟာမူးယစ်ဆေးသုံးထားလို့ အခုလိုဖြစ်တာလို့ပြည်သူအချို့က သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့တဲ့သတင်းကျွတ် နဲ့ အခုတန်ဆောင်တိုင်မှာ ရန်ကုန်မြို့အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ပွဲတွေ ၊ဘုရားပွဲတော်တွေ ၊ဈေးပွဲတော်တွေ လုပ်ခိုင်းပြီးနိုင်ငံဟာအေးချမ်းနေသယောင် ၊အခြေအနေအားလုံးပုံမှန်ဖြစ်နေသယောင် ဝါဒဖြန့်ဖို့ ပွဲလမ်းတွေကိုဖိအားပေးလုပ်ခိုင်းနေတာဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်ထိန်းချုပ်ထားတဲ့ အနုပညာရှင်တွေဟာလည်း စေခိုင်းတဲ့အတိုင်း ဒေသတွေခွဲပြီးသွားရောက်ဖြေဖျော်ပေးနေရတယ်လို့ ပြည်သူအချို့ကပြောပါတယ် ။
အဆိုပါ Overflow ဖျော်ဖြေပွဲကို သပိတ်မှောက် (Boycott)ကြဖို့ စစ်အုပ်စု နဲ့ စစ်တပ်နဲ့နွှယ်သူတွေကို သပိတ်မှောက်ဖို့ ၊လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တိုက်တွန်းပေးနေတဲ့ Fake News Check Community (Fncc) Burma က ပွဲမကျင်းပမီ ရက်ပိုင်းကတည်းက တိုက်တွန်းထားတာဖြစ်ပါတယ်။
















































