နိုဝင်ဘာ-၄၊၂၀၂၅။မိုမို/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၂၀ခန့်က ပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် ပအဖ၊ လူသားစာနာဌာနက ဒီကနေ့(နိုဝင်ဘာ ၄ရက်) ထုတ်ပြန်ပါတယ်။
ဆိပ်ဖြူမြို့နယ်အခြေစိုက်အမှတ်(၂၂)ကာ ကွယ်ရေးပစ္စည်းစက်ရုံ( ကပစ-၂၂)ကနေအင်အား ၅၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေအပြင် ပေါက် မြို့နယ် က စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်(ပျူစောထီး)တွေကလည်း စစ်ကြောင်းမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement
စစ်ကြောင်းသုံးခုခွဲပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာ ၁၉ ရွာက ပြည်သူ ၁၂၀၀၀ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
“မနေ့ကဆို မြို့ရဲ့အရှေ့ပိုင်းက အုန်းတောတောင်စုက နေအိမ်တွေ မီးရှို့ခံရတယ်”လို့ ပေါက်မြို့ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေက ပေါက်မြို့နယ်ရဲ့ တောင်၊မြောက် နဲ့ အနောက်ဘက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့နယ်မြေတွေ နဲ့ စစ်ရေးအရအရေးပါတဲ့ ဒေသတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“အနောက်ဘက်ဆို ယောဒေသကို ဖောက်နေတာ တစ်လကျော်လောက်ရှိနေပြီ။မြောက်ဘက်ခြမ်းဆို လည်း ဇီးပြားပျူရွာအထိ တိုးနေတာရှိတယ်။အဲဒီရွာက ပေါက်-မြိုင် နဲ့ ဂန့်ဂေါ မြို့နယ်ရဲ့ဆက်စပ်လမ်းပိုင်းလို့ ပြောလို့ရတယ်။တောင်ဘက်ကတော့ အခု ဆိပ်ဖြူစစ်ကြောင်းက အဓိကထားပြီး ထိုးစစ်ဆင်နေတာ”လို့ ၎င်းက ပြောပါတယ်။
ဆိပ်ဖြူအခြေစိုက်အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) စစ်ကြောင်းမှာ တပ်မ (၉၉)လက်အောက်ခံ တပ်ရင်း (၁၀၉) ၊(၄၁၉)၊ (၁၄)တို့ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကို လွန်ခဲ့တဲ့ငါးရက်က ကာကွယ် ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် တပ်သားသုံးဦး အရှင်ဖမ်းမိပြီး အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ Young Revolution Frontက တာဝန်ရှိသူ ကိုလွင်မိုးသန့်က လူထုနွေဦးကို ပြောထားပါတယ်။
(ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူတွေ။ ဓာတ်ပုံ – ပေါက်မြို့နယ် ပအဖ၊ လူသားစာနာဌာန)




















































