နိုဝင်ဘာ-၄၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ ဝိန့်စိန်ရွှေဆိုင်ကားပေါ်ပါသူတွေ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာအနီးမှာ မန္တလေးမြို့၊ ဝိန့်စိန်ရွှေဆိုင်ကနေ မုံရွာမြို့ကို ရွှေသွားပို့မယ့် ဆိုင်ဝန်ထမ်း ၃ဦးပါတဲ့ ကားတစ်စီးကို လက်နက်ကိုင်လူတစုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဖမ်းဆီးခံရပြီး ၆ရက်အကြာ မနေ့က နိုဝင်ဘာ ၃ ရက်မှာတော့ ဆိုင်ဝန်ထမ်း ၃ဦးကို ပြန် လွှတ် လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement
“ဝိန့်စိန်ရွှေထည်ပစ္စည်းကားနဲ့ ပြန်ပေးဆွဲခံရသူတွေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မနေ့ကပြန်လွတ်တယ်။”လို့ နီးစပ်သူတဦးက ပြောပါတယ်။
ငွေပေးရခြင်းရှိိ၊မရှိ မသိရသေးဘဲ ကားအပါအဝင် ရွှေထည်တွေနဲ့ အခြားပစ္စည်းတွေတော့ ပြန်လည်ရရှိခြင်းမရှိဘူးလို့ သိရပါတယ်။
အဲဒီ ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး စစ်လော်ဘီတွေက စစ်ကိုင်းခရိုင်၊ PDF တပ်ရင်း(၁)က လုပ်တယ်ဆိုပြီး တယ်လီဂရန်ချန်နယ်တွေကနေ ဝါဒဖြန့်ခဲ့ကြပါတယ်။
အဲဒီလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင်တပ်ရင်း(၁)က စစ်အုပ်စုဟာ မဟုတ်မမှန် သတင်းထုတ်နေခြင်းသာဖြစ်ကြောင်း၊ တပ်ရင်းအမည်အသုံးချပြီး ပြုလုပ်နေသူတွေရှိနေလို့ အသိပေးကြေညာချက်များ ထုတ်ခဲ့ရဖူးကြောင်း တပ်ရင်း (၁)က ထုတ်ပြန်ခဲ့ပါတယ်။
မုံရွာ-မန္တလေးလမ်းပေါ်က စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး စတဲ့လမ်းတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတွေ အများအပြားရှိပြီး ခရီးသွားပြည်သူတွေကို မကြာခဏ စစ်ဆေးငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


















































