နိုဝင်ဘာ-၄၊၂၀၂၅။အိမ်သွင်/People’s Spring
နတ်ရေကန်ဗျူဟာနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို အလုံးစုံဖြတ်တောက်ထားနိုင်ပြီဖြစ်ပြီး ဗျူဟာရဲ့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းမှာ အကြီးဆုံးစစ်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်
ခိုက်နေပြီး နိုဝင်ဘာလ၄ရက်အထိ အခြေအနေကို မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကအခုလိုပြောပါတယ်။

Public Service Announcement
“ ဗျူဟာထဲကို လူအင်အား လေကြောင်းကနေလည်းမပို့နိုင်တော့ဘူး။ရိက္ခာတွေပဲ ပစ်ချလို့ရတယ်။ လမ်းကြောင်းကလာတဲ့ အဖွဲ့တွေလည်း ဗျူဟာအထိမပေါက်တော့ဘူး။ ပတ်ချာလည်မှာ ဖြတ်တောက်ထားတဲ့အခြေအနေပါ” လို့ ပြောပါတယ်။
မြေပြင်ကနေ စစ်ကူပို့ဖို့ကြိုးစားတဲ့ စစ်ကြောင်းတွေထဲက စစ်မှုထမ်းသင်တန်းဆင်း စစိသားသစ်တွေလည်း ထွက်ပြေးနေကြပြီး AA နဲ့ မဟာမိတ်တွေက ဆက်တိုက်ဖမ်းမိနေပါတယ်။
“ သုံ့ပန်းတွေကပြောတာက ဗျူဟာထဲမှာ ၃၀၀လောက်ကျန်တယ်။ဒဏ်ရာရက ၅၀လောက်ရှိတယ်။ဒဏ်ရာရတွေကိုကမ္ဘာလုံးထဲမှာ ထည့်ထားတယ်။ သူတို့ ဖော်တာက အဲ့လိုရှိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်နောက်တစ်ဦးက ဆိုပါတယ်။
နတ်ရေကန်ဗျူဟာထဲမှာတောင်ထိပ်ဒေသစိုထိုင်းဆ မြင့်မားတဲ့အတွက် ရေဒါပျက်စီးမှုကနေ ကာကွယ်နိုင်ဖို့ ကမ္ဘာလုံးပုံစံ မြူကာစနစ်(Fiberglass Radome)လုပ်ထားတာပါ။ ဒါပေမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး AA ကထိုးစစ်ဆင်လာတဲ့အခါ ရေဒါကို စစ်ကောင်စီက ဖြုတ်သိမ်းထားပါတယ်။ အဆောက်အအုံကိုတော့ စစ်တပ်က ဘန်ကာအနေ နဲ့ သုံးနေတယ်လို့ သိရပါတယ်။
ဗျူဟာကုန်းကို အပြီးသတ်သိမ်းယူဖို့အတွက်လက်ကျန်တပ်စခန်းတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အောက်တိုဘာ (၁၅)ရက်မှာ ထုတ်ပြန်ထားပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။
အဲဒီအချိန်တုန်းက ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကိုတပ်မ(၉၉)ကတာဝန်ယူခဲ့တာပါ။ ကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ် တွေက တစ်ခုပြီးတစ်ခု သိမ်းယူနေပြီး ဆက်တိုက်အထိနာနေတဲ့ တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။
ထိုးစစ်စတင်တဲ့ဖေဖော်ဝါရီလထဲမှာတင် တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် နဲ့ ဗျူဟာရုံးအဖွဲ့ဝင်(၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီကတပ်မ(၉၉)လက်အောက်ခံတပ်ရင်းတွေအစား ရှမ်းတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၇ ကို ဩဂုတ်လနှောင်းပိုင်းမှာ ပို့ပြီး ခုခံပေမယ့် AAနဲ့ မဟာမိတ် တွေက စခန်းတွေထပ်သိမ်းယူနိုင်ခဲ့ပါတယ်။
စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းတွေပါလာပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။စခန်းသိမ်းတိုက်ပွဲမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိထားပြီး အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်လာသူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်ရှောက် ပေးထားပြီး စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရသူတွေအနေနနဲ့ အနီးဆုံးနေရာတွေကတဆင့် ဆက်သွယ်ပြီး အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့ အသိပေးထားပါတယ်။
အခုရက်ပိုင်းမှာတော့ မိုးရာသီကုန်ဆုံပေမယ့်အခါလွန် မိုးတွေရွာနေပြီး လေကြောင်းတိုက်ခိုက်မှုလျော့ကျနေပေမယ့် မြေပြင်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။



















































