Connect with us

Hi, what are you looking for?

သတင်း

ရေပူဆရာတော်ပျံလွန်တော်မူတာဟာ မြန်မာ့ဒီမိုကရေစီရေး၊ တရားမျှတမှုရေး၊ လူသားချင်းစာနာမှုရေးအတွက် ဆုံးရှုံးမှုကြီးမားဟု သံဃသမဂ္ဂ (မန္တလေး)ထုတ်ပြန်

မိုးကုတ်မြို့က ရေပူကျောင်းဆရာတော် ပျံလွန်တော်မူသွားတာဟာ မြန်မာ့ဒီမိုကရေစီရေး၊ တရားမျှတမှုရေး၊ လူသားချင်းစာနာမှုရေးအတွက် ဆုံးရှုံးမှုကြီးမားကြောင်း သံဃသမဂ္ဂ (မန္တလေး)က ဒီကနေ့ (နိုဝင်ဘာ ၄ရက်)မှာ ထုတ်ပြန်ပါတယ်။

ရေပူတော်ဆရာတော် သက်တော်ထင်ရှားရှိစဥ်က အခမ်းအနားတခုတွင် ဖူးတွေ့ရစဥ်။ ဓာတ်ပုံ-သံဃသမဂ္ဂ (မန္တလေး)

နိုဝင်ဘာ-၄၊ ၂၀၂၅။မေရီ/People’s Spring

မိုးကုတ်မြို့က ရေပူကျောင်းဆရာတော် ပျံလွန်တော်မူသွားတာဟာ မြန်မာ့ဒီမိုကရေစီရေး၊ တရားမျှတမှုရေး၊ လူသားချင်းစာနာမှုရေးအတွက် ဆုံးရှုံးမှုကြီးမားကြောင်း သံဃသမဂ္ဂ (မန္တလေး)က ဒီကနေ့ (နိုဝင်ဘာ ၄ရက်)မှာ ထုတ်ပြန်ပါတယ်။

မနေ့က နိုဝင်ဘာ ၃ ရက် ညနေပိုင်းမှာ ပျံလွန်တော်မူခဲ့တဲ့ မိုးကုတ်မြို့၊ ရေပူကျောင်းတိုက်က ဆရာတော်ဘဒ္ဒန္တဣန္ဒကဟာ စစ်အာဏာရှင်စနစ်အဆက်ဆက်ကို မဆုတ်မနစ် ဆန့်ကျင်တော်လှန်ခဲ့ပြီး သက်တော်ရှည်ကာလတလျှောက် ဓမ္မဘက်တော်သားအဖြစ် အဖိနှိပ်ခံ ပြည်သူလူထုရဲ့ ရှေ့တန်းကနေ ရဲဝံ့စွာ ရပ်တည်ခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်ကြောင်း သံဃသမဂ္ဂ (မန္တလေး)က အသိပေးပါတယ်။

ဆရာတော်ဟာ၂၀၀၇ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုကို ဦးဆောင်ပါဝင်တော်မူခဲ့ခြင်း၊ ၂၀၁၅မှာ ကျောင်းတိုက်တိုးချဲ့ရေးကိစ္စ မတရားဖမ်းဆီးခံရပြီး အိုးဘိုထောင်မှာ တစ်နှစ်နီးပါး ချုပ်နှောင်ခံခဲ့ရခြင်း၊ ၂၀၂၁ အာဏာသိမ်းမှုအပေါ် ဆန္ဒပြပွဲများမှာ လူထုကို အကြမ်းဖက်ဖြိုခွင်းရာမှ ကာကွယ်ဖို့ ဝင်ရောက်တားဆီးလို့ မတ်လ ၁၁ ရက်မှာ စစ်ကောင်စီရဲ့ လူဝတ်လဲဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရကြောင်း၊ အဲဒီနောက် ၂၀၂၁ အောက်တိုဘာ ၁၈ ရက်က ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သံဃသမဂ္ဂ (မန္တလေး)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဆရာတော်ဟာ စာမသင်ကြားနိုင်တဲ့ ကလေးသူငယ်တွေအတွက် အခမဲ့စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့ပြီး ပရဟိတလုပ်ငန်းတွေကို မဆုတ်မနစ် ဆောင်ရွက်တော်မူခဲ့ကြောင်း၊ မိုးကုတ်မြို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သာသနာ့မြေ ထိန်းသိမ်းရေးအတွက်လည်း ရှေ့တန်းကနေ ကန့်ကွက်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

ဆရာတော် ပျံလွန်တော်မူခြင်းဟာ မိုးကုတ်မြို့ရဲ့ဆုံးရှုံးမှုသာမက မြန်မာ့ဒီမိုကရေစီရေး၊ တရားမျှတမှုရေး၊ လူသားချင်းစာနာမှုရေးအတွက် မဖြည့်ဆည်းနိုင်သော ဆုံးရှုံးမှုကြီးမားလှကြောင်း သံဃသမဂ္ဂ (မန္တလေး)က ဖော်ပြပါတယ်။

ဆရာတော်၏ပျံလွန်တော်မှုအပေါ် နက်ရှိုင်းတဲ့ဝမ်းနည်းထိခိုက်မှုကို ဖော်ပြရင် ဝမ်းနည်းကြောင်း သဝဏ်လွှာကို လေးစားစွာ ပေးပို့အပ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် (၅၅) နှစ်၊ ဝါတော် (၃၅) ဝါရှိပြီး ဆရာတော်ရဲ့ အန္တိမစျာပနအား မနက်ဖြန် နိုဝင်ဘာ ၅ ရက်မှာ ပြုလု​ပ်မယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ