Connect with us

Hi, what are you looking for?

သတင်း

အွန်လိုင်း ကာစီနို ကြော်ငြာပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် မယ်စကြာဝဠာကျင်းပရေးအဖွဲ့ကို ထိုင်းရဲစစ်ဆေး

နိုဝင်ဘာ -၄ ၊ ၂၀၂၅

အွန်လိုင်း ကာစီနိုတွေကို ကြော်ငြာပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ထိုင်းရဲတပ်ဖွဲ့ဟာ မယ်စကြာဝဠာ (Miss Universe) ကျင်းပရေး အဖွဲ့ကို စစ်ဆေး စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပြိုင်ပွဲ စီစဉ်သူတွေရဲ့ ခိုင်းစေမှုအရ အလှမယ် တချို့ဟာ သူတို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးထားတဲ့ ဟိုတယ်တစ်ခုမှာ အွန်လိုင်း ကာစီနို ကြော်ငြာတွေ ရိုက်ကူးပေးခဲ့တယ်လို့ သတင်းရတဲ့အတွက် လတ်တလော စီးနင်း ရှာဖွေမှုတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းမှာတော့ ဒါဟာ ဥပဒေ ချိုးဖောက်မှု မြောက်ပါတယ်။

ဒီဖြစ်ရပ်ဟာ မယ်စကြာဝဠာ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံရဲ့ ဂုဏ်သတင်းကိုလည်း အကြီးအကျယ် ထိခိုက်ကျဆင်းစေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အွန်လိုင်းကာစီနို ကြော်ငြာ ရိုက်ကူးမှုတွေ အကြောင်းကို ပြိုင်ပွဲနဲ့ ဆက်စပ်သူတွေထဲကသဘောထားဖြောင့်မှန်သူတွေကလုံခြုံရေးတွေဆီ ဆက်သွယ် အသိပေးခဲ့ကြောင်း၊ အဲဒီနောက် အာဏာပိုင်တွေဆီ အကြောင်းကြားပြီး ရဲတွေက အမြန်ဆုံး တုံ့ပြန်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

(၇၄) ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲ ကျင်းပရေး ထိုင်းကော်မတီ ဥက္ကဋ္ဌနဲ့ Miss Grand International (MGI) အမှုဆောင်ချုပ် နာဝတ် အစ်ဆာရက်ရီဆီလ်ကတော့ ဒီကိစ္စမှာ MGIက လုံးဝ ဆက်စပ် ပါဝင်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

သူဟာ ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းဖို့ ဆင့်ခေါ်မှုအတွက် ဝတ်ဖရာခရီ ရဲဌာနဆီ နိုဝင်ဘာ ၃ ရက်နေ့က သွားရောက်ခဲ့တဲ့နောက် သူ့အဖွဲ့အစည်းနဲ့ အွန်လိုင်း ကာစီနို ကြော်ငြာ ကိစ္စတွေ ဘာဆက်စပ်မှုမှ မရှိကြောင်း ဖြေရှင်းခဲ့ပါတယ်။

ရဲတွေက မယ်စကြာဝဠာ အဖွဲ့ (MUO)ရဲ့ စပွန်ဆာ ကုမ္ပဏီတွေထဲက တစ်ခုဟာ အွန်လိုင်း ကာစီနိုတွေနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေတယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်လည်း MUOဟာ စပွန်ဆာ ကုမ္ပဏီအတွက် ကြော်ငြာ ရိုက်ပေးရာက နောက်ဆက်တွဲ ပြဿနာ တက်ခဲ့ဟန် ရှိပါတယ်။

MGIက ကုမ္ပဏီ အနေနဲ့ အွန်လိုင်း ကာစီနိုတွေကို ကြော်ငြာပေးတဲ့ လှုပ်ရှားမှုမျိုး၊ တခြား ဆက်စပ်မှုမျိုး ဘာမှမရှိဘဲ အဲဒီ ကိစ္စဟာ MUO တစ်ခုတည်းရဲ့ စီမံကိုင်တွယ်မှုလို့ ရှင်းလင်းထားပါတယ်။

MUOက နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ (၇၄) ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကို ကြိုတင် စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်ဖို့ ရည်ရွယ်ထားဆဲလို့ ဖော်ပြထားပြီး အိမ်ရှင်နိုင်ငံရဲ့ MUI အပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ ဆက်လက် ပူးပေါင်း အလုပ်လုပ်နေမယ်လို့ ပါရှိခဲ့ပါတယ်။

(၇၄) ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကိုတော့ နိုဝင်ဘာ ၂၁ ရက်နေ့ကျရင် ထိုင်းနိုင်ငံ၊ နွန်သာဘူရီမှာရှိတဲ့ Impact ခန်းမဆောင်ကြီးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကိုးကား- The Nation

ဆက်စပ်သတင်းများ