နိုဝင်ဘာ-၄၊၂၀၂၅။ထားမြတ်/People’s Spring
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)လို့ခေါ်တဲ့ မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့(NDAA)က အွန်လိုင်းငွေလိမ် လုပ်ငန်းဖြစ်တဲ့ ကျားဖြန့်လုပ်ငန်း ဆိုင်ရာစက်ပစ္စည်းတွေကို သိမ်းဆည်းဖျက်ဆီးခဲ့တယ်လို့ NDAA ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
အောက်တိုဘာ ၃၁ရက်က မိုင်းလားမြို့ အမှိုက်မီးရှို့ကွင်းမှာ အထူးဒေသ(၄) ရဲတပ်ဖွဲ့က သိမ်းဆည်းထားတဲ့ ကျားဖြန့်လုပ်ငန်းဆိုင်ရာစက်ပစ္စည်းတွေကို ပြန်သုံးမရအောင် လမ်းကြိတ်စက်နဲ့ ဖျက်ဆီးသလို ၊မီးရှို့ပြီးလည်း အပြီးတိုင်ဖျက်ဆီးခဲ့တယ်လို့လည်းဖော်ပြပါတယ်။
ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေထဲမိုဘိုင်းဖုန်းတွေ၊ကွန်ပျူတာတွေ၊ ရောက်တာ(Rout tar)တွေ စတဲ့ စက်ပစ္စည်းအမျိုးအစား များစွာပါဝင်ပြီး အရေအတွက်အားဖြင့် တသောင်း ခန့်ရှိကာ ခန့်မှန်းတန်ဖိုးမှာ ယွမ်ငွေ ဆယ်သိန်းခန့်ရှိတယ်လို့ဆိုပါတယ်။

Public Service Announcement
အဲဒီ ပစ္စည်းတွေအားလုံးကို ကျားဖြန့်စခန်းတွေကို ဖမ်းဆီးရာက သိမ်းဆည်းရရှိခဲ့တာဖြစ်ပြီး အခုလိုဖျက်ဆီးတာဟာ ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှုဆိုင်ရာ အောင်မြင်မှုရရှိကြောင်းလည်းဖော်ပြပါတယ်။
ဒေသအစိုးရအနေနဲ့ ကျားဖြန့်လုပ်ငန်းကို ပြင်းထန်စွာ နှိမ်နင်းသွားမယ်ဆိုတာပြည်သူကို အသိပေးတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
မိုင်းလားနဲ့၀လက်နက်ကိုင်တပ်ဖွဲ့(UWSA) နယ်မြေတွေဟာ ကျာဖြန့်လုပ်ငန်းတွေ များစွာ ရှိခဲ့တဲ့ ဒေသတွေဖြစ်ပြီး တရုတ်အစိုးရက ကျားဖြန့်လုပ်ငန်းနိမ်နင်းရေးလုပ်ဆောင်လာတဲ့ အခြေအနေမှာ နယ်မြေခံ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျားဖြန့်လုပ်ငန်းနိမ်နင်းရေးတွေမှာ ပူးပေါင်းပါဝင်ကာ ဖမ်းမိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို တရုတ်အစိုးရထံ လွှဲပြောင်းပေးတာတွေ ပြုလုပ်လာတာတွေ့ရပါတယ်။
ယခုနှစ်ပိုင်းအတွင်း အထူးဒေသ (၄) ဟာ တရုတ်နိုင်ငံက တရားစီရင်ရေးအဖွဲ့အစည်းတွေ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ပုံမှန် ချိတ်ဆက်မှု ယန္တရားတွေ တည်ဆောက်ပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်မှု မြင့်တက်လာခြင်းကို ထိန်းချုပ်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့လည်း မိုင်းလားတပ်ဖွဲ့က အသိပေးပါတယ်။
ပစ်မှတ်ထားတိုက်ဖျက်ခြင်း၊ အရင်းအမြစ်မှ တားဆီးနှိမ်နင်းခြင်းနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း စတဲ့ ပုံစံတွေနဲ့ ကျားဖြန့်လုပ်ငန်း အခြေစိုက်စခန်းတွေ အမြစ်ဖြတ်သုတ်သင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်း မိုင်းလားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။




















































