နိုဝင်ဘာ-၄၊ ၂၀၂၅။ထားမြတ်/People’s Spring
ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ၂၉ရက်နဲ့ ၃၀ရက်မှာသရက်ချောင်းမြို့နယ် ကျောက်လှေကားရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲ ၂ကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ တော်လှန်ရေး ရဲဘော် ၁ဦး၊ ဒုတိယ အကြိမ်မှာ ရဲဘော် ၁ဦး ကျဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်က ၉ဦးထက်မနည်းသေဆုံးပြီး ၇ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement
တိုက်ပွဲဖြစ်ပွားမှု ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့ရာ တိုက်ပွဲမှာသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား အလောင်းအချို့၊ တော်လှန်ရေး ပူးပေါင်းတပ်က ဒရုန်းအသုံးပြု တိုက်ခိုက်မှု၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၊ တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်ကို ဆေးကုသဖို့ သယ်ဆောင်လာတဲ့ မြင်ကွင်းတွေ တွေ့ရပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက် ၁လက်ဆုံးရှုံးခဲ့ရသလို စစ်ကောင်စီ လက်နက်တွေလည်း သိမ်းရခဲ့ကြောင်း အသိပေးထားပါတယ်။
ဒါပေမဲ့ လက်နက်ဘယ်နှစ်လက်သိမ်းရတယ်ဆိုတာ ဖော်ပြမထားပါဘူး။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ဒုတိယပတ်ကလည်း သရက်ချောင်းမြို့နယ် ပဒက်ချောင်းကြီးရွာကို စစ်ကြောင်းထိုးလာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၄)၊ တပ်ရင်း(၁၂) နဲ့ ထားဝယ်ခရိုင် တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ဦး သေဆုံးခဲ့ကြောင်း အသိပေးထားပါတယ်။
ထားဝယ်ခရိုင်က တော်လှန်ရေးတပ်ဖွဲ့တွေက မကြာသေးမီကလည်း လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားသလို လောင်းလုံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကိုလည်း ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။


















































