နိုဝင်ဘာ-၇၊ ၂၀၂၅။ People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွှေမြို့နယ်နဲ့ အင်းလေးဒေသတွေမှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက် ကြေညာစာစောင်နဲ့ ပိုစတာကပ်တာတွေလုပ်ခဲ့တယ်လို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ဆိုပါတယ်။
ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ညောင်ရွှေမြို့နယ်အတွင်းက ကျေးရွာအုပ်စုတွေဖြစ်တဲ့ အင်းလေးအရှေ့ကမ်းနဲ့ အနောက်ကမ်း၊ ငါးဖယ်ချောင်းအုပ်စု၊ အင်းပေါခုံအုပ်စု၊ နမ့်ပန်အုပ်စု၊ ခေါင်တိုင်အုပ်စုနဲ့ သလဲဦးအုပ်စုတို့မှာ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဆန္ဒပြလှုပ်ရှားမှုက စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲက ဂုဏ်သိက္ခာမဲ့မှုတွေကို ပြည်သူလူထု သိရှိစေဖို့ အသိပေးတိုက်တွန်းတာလို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က အသိပေးပါတယ်။
“ အင်းလေးဒေသမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အားမပေးတဲ့သူတွေ၊လက်မခံတဲ့သူတွေ အများကြီးရှိတယ်” လို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်းမှုနဲ့ ရွေးကောက်ပွဲလုပ်မယ့် စစ်ကောင်စီကို လက်လှမ်းမီတဲ့ ဆန့်ကျင်မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ၎င်းက ဆိုပါတယ်။
အခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာလုပ်မယ့် စစ်ကောင်စီရွေး ကောက်ပွဲကို နိုင်ငံတကာနဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းတွေက အတုအယောင် ဖြစ်တယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲ့ဒါအပြင် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေလည်း နိုင်ငံတဝန်းရှိနေပါတယ်။
စစ်ကောင်စီကတော့ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီး ဝေဖန်တဲ့ ပြည်သူနဲ့ အနုပညာရှင် ၁၀၀ နီးပါးကို သုံးလအတွင်း ဖမ်းဆီးထားပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဟာ အနိမ့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်ဖြစ်ပြီး အမြင့်ဆုံး ‘သေဒဏ်’လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြဋ္ဌာန်းထားပါတယ်။


















































