နိုဝင်ဘာ-၇၊ ၂၀၂၅။ မေ/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ဆည်တော်ကြီးရေလှောင်တမံတို့ကို စစ်တပ်က သိမ်းယူသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ MDY-PDF သိမ်းယူခဲ့တဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက စစ်တပ်အထိုင်နေရာတွေကို စစ်ကောင်စီတပ်က ဩဂုတ်လကစတင်ကာ ပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပြီး တော်လှန်ရေးတပ် သိမ်းယူထားတဲ့ မတ္တရာအရှေ့ခြမ်းက အရေးကြီး နေရာနှစ်ခုကို စစ်တပ်က ပြန်လည်သိမ်းယူသွားတာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၆ရက် မနေ့ မနက် ၁၁နာရီခွဲလောက်မှာ စစ်တပ်က စစ်ကြောင်း သုံးကြောင်းနဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းနဲ့ ဆည်တော်ကြီး ရေလှောင်တမံတို့ကို ထိုးဝင်လာတာလို့ သိရပါတယ်။ ဒီနေရာနှစ်ခုဟာ ကပ်လျက်တည်ရှိတာပါ။

Public Service Announcement
တိုက်ပွဲ သုံးနာရီလောက်ဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေ ဆုတ်ခွာပေးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေရာဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းအတွက် အရေးကြီးနေရာဖြစ်ပြီး လက်ရှိမှာ စစ်တပ်က အင်အားထောင်နဲ့ချီသုံးပြီး နယ်မြေတွေ ပြန်သိမ်းယူနေတာပါ။
စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် မတ္တရာမြို့နယ်အရှေ့ခြမ်းတနယ်လုံး စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင်တွေရှိတဲ့ဘက်ကိုလည်း စစ်တပ်က တရစပ် လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သိရပါတယ်။


















































