နိုဝင်ဘာ-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြိုနယ်၊ မန်ကျည်းကုန်းတောင်ကျေးရွာကို ဗုံးလာကြဲတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျိုင်ရိုကော်ပတာဟာ မနေ့က ပျက်ကျခဲ့လို့ စစ်သား ၂ ဦးသေဆုံးပြီးအပျက် အစီးတွေနဲ့ ရုပ်အလောင်းတွေစစ်ကောင်စီလာသယ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနက သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၆ရက် မွန်းလွဲ ၁နာရီခွဲလောက်မှာ ဖြူးမြို့နယ် မန်ကျည်းကုန်းတောင်ရွာကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတီ ၂စီးနဲ့ ဗုံးလာကြဲတာဖြစ်ပြီး ၁စီးဟာ ပျက်ကျခဲ့တာပါ။
“စကစဂိတ်နဲ့နီးတဲ့နေရာမှာ စက်ချွတ်ယွင်းပျက်ကျ။အင်အား၃၀နဲ့ ချက်ခြင်းရောက်လာပြီးအားလုံးပြန်ကောက်သွားအတို၂လက် အလောင်း၂ လောင်းပါတယ်လို့ စကစထဲက သတင်းပြန်ရသလို ပြည်သူတွေသတင်း ပေးပို့မှုလဲ ရရှိပါတယ်”လို့ ပဲခူးတိုင်းစစ်ဌာန သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
စစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာဟာ မန်ကျည်းကုန်းဘောင်ရွာကို ဗုံးကြဲပြီးအပြန် ဖြူးမြို့နယ် တံခွန်တိုင်ရွာအနီးမှာ ပျက်ကျခဲ့တာလို့ အာဠာ၀က စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဗုံးလာကြဲတာဖြစ်ပြီး အဲဒီလို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့လို့ မန်ကျည်းတောင်ရွာက အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးကာ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
” စစ်ရေးအခြေကနေက ဘာမှမရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို အကြမ်ဖက်သတ်ဖြတ် အကြောက်တရားရိုက်သွင်းတဲ့ အာဏာရှင်စစ်တပ်လုပ်ရပ်တွေ လာလုပ်နေတာပါပဲ။လက်နက်ကြီး ဒရုန်းကတော့ မကြာမကြာ ရွာတွေထဲပစ်ထည့်နေကြပါ” လို့ ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူက စစ်ကောင်စီတပ်ရဲ့ အရပ်သားလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေမှု လုပ်ရပ်ကို ပြောပါတယ်။
လူထုကိုတိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ပျက်ကျမှုနဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုဟာ တူသောအကျိုးပေးတာ၊ အကုသိုလ်အကျိုးပေးတာ၊ ပြည်သူ့ ကျိန်စာသင့်တာလို့ လူမှုကွန်ရက်အသုံးပြုသူတွေက ဝမ်းသာအားရ မှတ်ချက်ပေးရေးသားခဲ့ကြပြီး စစ်ကောင်စီတပ်သားတွေ သေတာ ၂ယောက်တည်းမို့ နည်းတယ်လို့ ရေးသားထားတာတွေ့ရပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ခိုင်းစေရာလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေ စိတ်ဓာတ်တွေကို ရွံမုန်းကြောင်းလည်း ရေးသားထားတာတွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ မန်ကျည်းကုန်းတောင်ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာမကြဲခင် စစ်ကောင်စီရဲ့ မုန်းမြို့အခြေစိုက် ခမရ(၅၉၀) တပ်က ၁၂၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလိုအသေခံဒရုန်း တစီးနဲ့လည်း ပြည်သူ လူထု နေထိုင်ရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဌာနက အသိပေးထားပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စိုးမိုးလှုပ်ရှားနေတဲ့ ဒေသတွေက အရပ်သား လူထုကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
















































