နိုဝင်ဘာ-၇၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပေါ် ရပ်ကွက်ကို စစ်ကောင်စီက ဒီကနေ့ (နိုဝင်ဘာ ၇ရက်) နေ့ခင်းပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲလို့ ဒေသခံနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့ခင်း ၁၂နာရီခန့်မှာ ရပ်ကွက်(၃)၊ ဟိုးတုံအုပ်စုထဲကို ဗုံးတစ်လုံးကျရောက် ပေါက်ကွဲတာဖြစ်ပြီး စစ်ကောင်စီက မြစ်ကြီးနားမြို့ကနေ ဒရုန်းလွှတ်တင်ပြီး ဗုံးကြဲချတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
” မပခကနေ ဒရုန်းတက်လာပြီး သိပ်မကြာဘူး ဗုံးကွဲတာ။ ထိတယ် အရပ်သား၂ယောက်” လို့ သူက ပြောပါတယ်။

Public Service Announcement
ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ စစ်ကောင်စီတပ် ဒရုန်းကြောင့်လို့ People’s Spring က မေးမြန်းခဲ့တဲ့ ဝိုင်းမော်မြို့ခံသုံးဦးက အတည်ပြုပါတယ်။ ဖြစ်စဉ်ကို ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
ဝိုင်းမော်မြို့နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အခြေစိုက်တဲ့ မြစ်ကြီးနားမြို့ဟာ ဧရာဝတီမြစ်ကူးတံတားခြားပြီး မိုင်အနည်းငယ်သာဝေးပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်ဟာ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကနေမကြာခဏ ဗုံးကြဲနေတဲ့အပြင် မပခကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် မြစ်ကြီးနားမြို့ကိုလည်း လုံခြုံရေးတိုးမြင့်ထားပြီး ဝိုင်းမော်မြို့နယ်ဘက်က ဝင်လာတဲ့ကားတွေနဲ့ ဧရာဝတီ မြစ်ကြောင်းကနေ ဝင်လာတဲ့စက်လှေတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။


















































