နိုဝင်ဘာ-၇၊၂၀၂၅။တေဇ/People’s Spring
တော်လှန်ရေးဘက်ကနေ စစ်ကောင်စီဘက်ကူးပြောင်းသွားတဲ့ အဆိုတော် G Fatt ရဲ့ ဖျော်ဖြေပွဲကို မလေးရှားနိုင်ငံမှာ ပြုလုပ်ဖို့ရှိတာကြောင့် သပိတ်မှောက်ကြဖို့ မလေးရှားရောက်ပြည်သူတွေက တောင်းဆိုထားပါတယ်။
“ Gfatt show ပွဲ 9ရက်နေ့ကျ မလေးရှားမှာရှိပါတယ်။ အရှေ့က artist တွေခေါ်တာတော့ ဘာမှမပြောလိုပေမဲ့ Gfattကတော့ boycott ရမဲ့စာရင်းထဲပါတယ်ထင်လို့ လာပြောပြတာပါ” လို့ မလေးရှားရောက် မြန်မာတစ်ဦးက လူထုနွေဦးကို သတင်းပေးပါတယ်။
ဒီဖျော်ဖြေပွဲကျင်းပသူဟာ အရင်ကလည်း လွှမ်းပိုင် ၊ ရဲရင့်အောင်စတဲ့ သူတွေရဲ့ဖျော်ဖြေပွဲတွေ ပြုလုပ်ဖူးသူလို့ ဆိုပါတယ်။

Public Service Announcement
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေဘက်က အနုပညာရှင်တွေကို သပိတ်မှောက်တာ ၊ လူမှူရေးပြစ်ဒဏ်ပေးတာတွေ ပြုလုပ်နေတာကြောင့် G Fatt ရဲ့ပွဲကို ပေါ်ပေါ်ထင်ထင်ကြေညာတာတွေတော့ မတွေ့ရပါဘူး။
လက်ရှိမှာ စစ်ကောင်စီက အနုပညာရှင်တွေကို ပြည်ကထွက်ခွာခွင့်ကန့်သတ်ထားပေမယ့် ပွဲစီစဉ်သူရဲ့ Story မှာ ဒီနေ့နောက်ဆုံးလက်မှတ်ဝယ်နိုင်တယ်လို့ တင်ထားတာကြောင့် G Fatt ရဲ့ ဖျော်ဖြေပွဲက ပြုလုပ်ဖို့သေချာသလောက်ပါ။
“ သူတို့ ရည်ရွယ်ပြီးလုပ်တာလား၊ စီးပွါးရေးအတွက်သက်သက်လုပ်တာလား မသိပေမဲ့ အရင်ကဆို စက်ရုံမှာ လတိုင်းထောက်ပို့အတွက်ကောက်ကြတာတွေတောင်မရှိသလောက်ဖြစ်နေပါပြီ။ လူငယ်တော်တော်များများက အဲ့ပွဲတွေ သွားဖို့ပဲ စဉ်းစားကြတာဆိုတော၊အဆိုတော်တွေလာတာဆိုတော့ သွားချင်ကြတယ်လေ” လို့ မလေးရှားရောက် မြန်မာတစ်ဦးက ဖျော်ဖြေပွဲတွေနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောပါတယ်။
ဖျော်ဖြေပွဲတွေ သွားကြည့်တဲ့အချိန် နိုင်ငံရေးနဲ့ ပတ်သက်တာတွေ အော်မိရင်ဖြစ်စေ ဗီဒီီယိုရိုက်ထားတာမျိုးတွေရှိရင်လည်း အကုန်ဖျက်ခိုင်းတယ်လို့ ဖျော်ဖြေပွဲကိုသွားရောက်ကြည့်ရှူဖူးသူတစ်ဦးကပြောပါတယ်။
G Fatt က အာဏာသိမ်းကာလစတင်ချိန်မှာ ပြည်သူ့ဘက်မှာရပ်တည်ခဲ့ပေမယ့် ခံဝန်ထိုးပြီးစစ်ကောင်စီဘက်ကို ပြန်လည်ကူးပြောင်းခဲ့တာပါ။
စစ်ကောင်စီဘက်ပြောင်းပြီး လူထုရှေ့ကို ပြန်လည်ထွက်ပေါ်လာတာက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပေါင်းရာနဲ့ချီသေဆုံးခဲ့ရတဲ့ ပဇီကြီးဖြစ်စဉ်အပြီး နှစ်ရက်အကြာ နေပြည်တော်က စစ်ကောင်စီ မဏ္ဍပ်မှာ မြန်မာဘီယာသောက်ရင်းရယ်မောနေကြတာပါ။
ဒါ့အပြင် G Fatt က တော်လှန်ရေးမှာ လူငယ်တွေက မြေစာပင်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာအပါအဝင် ပြည်ပမှာ သူတို့ ဒုက္ခရောက်ခဲ့တဲ့ အကြောင်းတွေကို စစ်ကောင်စီ အလိုကျ သီချင်းအဖြစ် သီဆိုခဲ့ပါသေးတယ်။
အဲဒီ့သီချင်းကို G Fatt ရဲ့ ဖေ့စ်ဘွတ်ခ်မှာတင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရှာလို့ မတွေ့တော့ပါဘူး။
အောက်တိုဘာအတွင်းက G Fatt ထိုင်းနိုင်ငံချင်းမိုင်မြို့ ကိုလာရောက်ခဲ့တယ်လို့ သတင်းရတာကြောင့် G Fatt ပါဝင်တဲ့ ဖျော်ဖြေပွဲတွေရှိရင် သတင်းပေးဖို့ စစ်ကောင်စီဘက်တော်သားတွေကို Boycott ပြုလုပ်ဖို့ တိုက်တွန်းနေတဲ့ Fake News Check Community (Fncc) Burmaက အသိပေးထားပါတယ်။
လက်ရှိထိုင်းနိုင်ငံမှာတော့ Boycott ပြုလုပ်တာက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အောင်မြင်နေပြီး စစ်ကောင်စီဘက်တော်သားတွေရဲ့ ရုပ်ရှင်တွေ ကြည့်ရှူသူမရှိသလို ဖျော်ဖြေပွဲတွေလည်း ဖျက်သိမ်းထားရပါတယ်။
















































