နိုဝင်ဘာ-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့ နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ (၆)နှစ်အရွယ် ကလေးငယ် ၁ဦးနဲ့ (၄၀)အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၃ရက် ညနေမှာ စစ်ကောင်စီရဲ့ ခမရ(၄၃၉)တပ်ရင်းက မုန်းမြို့နယ် သင်္ဘောကျွန်းကျေးရွာ ကို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျေးရွာတွေ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့ နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်နေလို့ ပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေကြရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

Public Service Announcement
အောက်တိုဘာ ၃၁ရက်ကလည်း ခမရ(၅၉၀)တပ်ရင်းက မုန်းမြို့နယ် အောင်ချမ်းသာကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ (၅၈)နှစ်အရွယ် အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်ထဲက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှု စစ်ဘေးဒဏ်ကြုံနေရတဲ့အပြင် ရေကြီးမြေပြိုစတဲ့ သဘာ၀ဘေးတွေကိုလည်း ကြုံနေကြရပါတယ်။
စစ်ကောင်စီဟာ သူထိုထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေသလို KNUနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေက ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေလည်း အဆက်မပြတ် ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ထားပါတယ်။
















































