နိုဝင်ဘာ-၇၊ ၂၀၂၅။ထားမြတ်/People’s Spring
ပြည်သူလူထုရဲ့ ကိုယ်ရေးအချက်အလက်တွေတွေကို စစ်တပ်က ကောက်ယူစုဆောင်းပြီး ရရှိလာတဲ့ အချက်အလက်တွေကို လူပုဂ္ဂိုလ် စိစစ်ရေးနဲ့ စောင့်ကြည့်လေ့လာရေးစနစ်လို့ ခေါ်ဆိုတဲ့ PSMS စနစ်နဲ့ ချိတ်ဆက်အသုံးပြုနေခြင်းကြောင့် စစ်တပ်ရဲ့ ထောက်လှမ်းရေးစွမ်းရည်ပိုအားကောင်းလာစေသလိုပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို များစွာ ထိခိုက်စေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၅ရက်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်ခြင်းရဲ့ အကျိုး ဆက် သုတေသန စာတမ်းတိုကို အသံအဖွဲ့က မိတ်ဆက်ထုတ်ပြန်ခဲ့ရာ PSMS စနစ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မီးမောင်းထိုး ဖော်ပြထားတာပါ။
PSMS စနစ်ကြောင့် လူဦးရေ ၁၆၅၀ ကျော် ဖမ်းဆီးခံရပြီး အဲဒါဟာ ပြည်သူလူထုအပေါ် အလုံးစုံ ထိန်းချုပ်လိုတဲ့ ဆန္ဒနဲ့ ဒီဂျစ်တယ်စနစ်ဖြင့် လူထုရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ချုပ်ကိုင်လိုတဲ့ စစ်တပ်ရဲ့ ရည်ရွယ်ချက်ကို ပေါ်လွင်စေကြောင်း ဖော်ပြပါတယ်။

Public Service Announcement
” လက်တွေ့ဘ၀၌ ပြည်သူလူထု၏ လုံခြုံရေးနှင့် လွတ်လပ်ခွင့်ကို မည်မျှအထိ ထိခိုက်စေနိုင်ကြောင်းဖော်ပြနေလေသည်။ အဆိုပါစနစ်များအား အတိုက်အခံလှုပ်ရှားသူများနှင့် ဒီမိုကရေစီလိုလားသူများကို ဖော်ထုတ်ဖမ်းဆီးရာတွင် အဓိက ကိရိယာတခုအဖြစ် စစ်တပ်မှ အသုံးချကာ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်နေသည်” လို့ အသံအဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
PSMS စနစ်ဟာ ဉာဏ်ရည်တုနည်းပညာ(AI)၊ မျက်နှာသွင်ပြင်မှတ်သားခြင်း(Facial Recognition)၊ CCTV စောင့်ကြည့်ခြင်းနည်းပညာတွေနဲ့ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေါင်းစပ်ထားတဲ့ စနစ်တခုအဖြစ် ရေဘူယျ မှတ်ယူနိုင်ပြီး လူထုရဲ့ လှုပ်ရှားမှုတွေ အချက်အလက်တွေ အသေးစိတ် စောင့်ကြည့်ထောက်လှမ်းဖို့ ရည်ရွယ်ဒီဇိုင်းထုတ်ထားတာလို့ အသံအဖွဲ့က အသိပေးပါတယ်။
စစ်တပ်လက်လွှတ်ထားရတဲ့ မြို့နယ်တွေမှာ PSMS စနစ်ကို အသုံးမပြနိုင်သေးပေမယ့် စစ်တပ်ထိန်းချုပ်မြို့နယ်အများစုမှာတော့ အဲဒီစနစ်ကို အသက်သွင်းနေပြီလို့ဆိုပါတယ်။
လူထုလှုပ်ရှားမှုတွေကို နောက်ယောင်ခံစောင့်ကြည့်ကာ ဖိနှိပ်ဖို့အတွက် မိုဘိုင်းဖုန်းဆင်းကတ် အချက်အလက်တွေ၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ ဇီ၀ဆိုင်ရာအချက်အလက်တွေ၊ ဘဏ်အကောင့်တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ အပါအဝင် ပြည်သူလူထုရဲ့ ကိုယ်ရေးအချက်အလက်တွေကို အာဏာသိမ်းစကတည်းက ကောက်ယူစုဆောင်းခဲ့တဲ့ စစ်ကောင်စီဟာ အဲဒီက ရတဲ့ အချက်အလက်တွေကို PSMS စနစ်နဲ့ ချိတ်ဆက်အသုံးပြုခြင်းအားဖြင့် စစ်တပ်ရဲ့ ထောက်လှမ်းရေးစွမ်းရည် ပိုအားကောင်းလာစေခဲ့တယ်လို့ အသံအဖွဲ့က ပြောပါတယ်။
စစ်တပ်ရဲ့ အင်တာနက်ဖြတ်တောက်မှု ရည်ရွယ်ချက်ကိုလည်း စာတမ်းမှာ ဖော်ပြထားပါတယ်။
စစ်တပ်အင်တာနက်လိုင်းဖြတ်တောက်တာဟာ သူ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖုံးကွယ်ဖို့၊ စစ်ရေးအရ အသာစီးရယူနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲတွေအကြား ချိတ်ဆက်မှုတွေ ဖြတ်တောက်ပြီး အင်အား လျော့နည်းလာစေဖို၊ စစ်တပ်က နောက်ပိုင်းမှာ ပြုလုပ်လာတဲ့ သတင်းတု သတင်းမှားတွေနဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် အောင်အောင်မြင်မြင်လုပ်နိုင်ဖို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ အသံအဖွဲ့က ပြောကြားထားပါတယ်။
















































