နိုဝင်ဘာ-၈ ၊၂၀၂၅။ရဲခေါင် /People’s Spring
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနဲ့ ဖယ်ခုံ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNOတို့ဟာ အောက်တိုဘာ ဒုတိယပတ်ကစလို့ အခု နိုဝင်ဘာ လဆန်းပိုင်းအထိ ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။
“ တောင်စလုံးက ရက်တိုင်းတော့အထိတွေတော့ဖြစ်တယ်။ ဒရုန်းနဲ့လာချလိုက် လက်နက်ကြီးတော့ရက်တိုင်းထုတယ်” လို့ ရှမ်းတောင် အခြေစိုက်ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်နဲ့ PNOက မြောက်စလုံး၊တောင်စလုံး နဲ့ ဘောရန် ရွာတွေကို စစ်ကြောင်းသုံးခုနဲ့ ဖြန့်ခွဲ စစ်ကြောင်းထိုးနေတာလို့ ၎င်းက အသိပေးပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်နဲ့ PNOတွေ ထိခိုက်မှုများနေပြီး စစ်ကောင်စီတပ်သားအလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကို ကာကွယ်ရေးတပ်ဖွဲ့ကသိမ်းဆည်းရမိတာရှိထားတယ်လို့ ရှမ်းတောင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ ၆၀ မမတွေရော ငါးကြင်းမြီးတွေပါသိမ်းရတာ ရှိတယ်။PNO နဲ့ စစ်ကောင်စီတပ်သားအလောင်းတွေ ပါပါတယ်” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNOတို့ရဲ့ ဖယ်ခုံမြို့အနောက် ဘက်ခြမ်းကို ထိုးစစ်ဆင်မှုမှာ အင်အား ၅၀၀ ဝန်းကျင်အသုံးပြုထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပါရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က တောင်မဲသင်း ၊မြောက်စလုံးနဲ့ ဘောရန်ရွာတွေကို အောက်တိုဘာလဆန်းပိုင်းက စစ်ကောင်စီနဲ့ PNO က ထိုးစစ်ဆင်ခဲ့ပြီး ဒေသခံပြည်သူနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ ရုပ်သံမှတ်တမ်းအချို့ လည်း ထွက်ပေါ်ထားပါတယ်။
ကရင်နီပြည်နယ်နဲ့ ပြည်နယ်တလျှောက်စစ်ရေးအခြေအနေအရ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ နဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတယ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားပါတယ်။
















































