စစ်သုံ့ပန်းအချို့မိ၊ လက်နက် ၁၃လက်ထက်မနည်းရ၊ လူသားဒိုင်းခေါ်ဆောင်ခံရသူ ၁၄ ဦး ကယ်ထုတ်
နိုဝင်ဘာ-၈၊ ၂၀၂၅။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ တီးတိန်းမြို့နယ်မှာ ဒေသခံ ပြည်သူအချို့ကိုဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ခန့်သေဆုံးခဲ့ကြောင်း ချင်းညီနောင်က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၆ရက်မှစပြီး တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းကို ရဟတ်ယာဉ်ဖြင့် ၂၆ကြိမ် အင်အား ၅၀၀ခန့်ဖြည့်တင်းပြီးနောက် စစ်ကောင်စီက အောက်တိုဘာ ၂၉ရက်မှ စတင်ပြီး အင်အားအလုံးအရင်းနဲ့ သိုင်းငင်းမြို့ဘက်ဦးတည်စစ်ကြောင်းထိုးလာတာကို ချင်းညီနောင်က တိုက်ခိုက်ခဲ့ရာ နေ့စဉ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သေဆုံးမှုရှိသလို ထိခိုက်ဒဏ်ရာရသူတွေရှိတဲ့အပြင် ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် သုံ့ပန်းအချို့ ဖမ်းမိပြီးလက်နက်အချို့ သိမ်းရကြောင်း အသိပေးပါတယ်။
ချင်းညီနောင်က ထုတ်ပြန်တဲ့မှတ်တမ်းဓာတ်ပုံတွေအရ လက်နက် ၁၃လက်ထက်မနည်းနဲ့ စစ်အသုံးအဆောင်အချို့ သိမ်းရတာကိုတွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသူ ၁၄ဦးကို ချင်းညီနောင်တပ်ဖွဲ့က နိုဝင်ဘာ ၆ရက်မှာ ကယ်တင်နိုင်ခဲ့ကြောင်းအသိပေးပါတယ်။စစ်ကောင်စီတပ် လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသူတွေထဲက အမျိုးသမီး ၁ဦးကို စစ်ကောင်စီက အဓမ္မပြုကျင့်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်တပ်က ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကားတစ်စီးကို ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေကို ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ၃၉ရက်က တီးတိန်-ကလေးလမ်း ဒိမ်လို (DIMLO) လမ်းခွဲအနီး ပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်အထိနာလို့ ရှေ့မတိုးနိုင်ဘဲ အဲဒီမှာ စခန်းချ ညအိပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အောက်တိုဘာ ၃၁ရက်မှာလည်း တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ အင်အား ၈၀ခန့် စစ်ကူပို့ခဲ့ပြီး နိုဝင်ဘာ ၁ရက်မှာလည်း နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကာ ရန်သူ့လက်နက်အချို့နဲ့ ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကားတစ်စီးကို သိမ်းရခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂ရက်မှာလည်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၃ရက်မှာ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တီးတိန်-ကလေးလမ်း ဆွောမ်းပီး (SUANGPI) လမ်းခွဲဘက်မှ စစ်အင်အားတစ်ချို့ထွက်လာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ တီးတိန်မြို့ကို လေကြောင်းက စစ်အင်အားဖြည့်တင်းလို့ ချင်းညီနောင်နဲ့ တိုက်ပွဲပြင်းထန်သလို ကလေးမြို့ဘက်ကနေ မြေပြင်ကနေ ထိုးစစ်ဆင်နေလို့ ချင်းပြည်ကောင်စီ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
(တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – PDF Zoland)


















































