နိုဝင်ဘာ-၈၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကူတောပလ္လင်ကျေးရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ဦးကို စစ်တပ်က ပစ်သတ်သွားပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၇ ရက် ညနေပိုင်းက မုံရွာမြို့နယ်၊ ကူတောပလ္လင်ရွာအနီးမှာ ကြာပိုင်ရွာဘက်ကနေလာတဲ ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ အမျိုးသား ၃ဦးကို စစ်တပ်က အိမ်စီးကားနဲ့ လိုက်လံပစ်ခတ်ခဲ့ရာမှာ ၃ဦးလုံး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ လမ်းဘေးသစ်ပင်အောက်မှာ ပစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ အူတွေလည်းထွက်နေတာ။ ခုမနက်မှ အလောင်းတွေ လာကောက်သွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။သေဆုံးသူတွေဟာ ဘယ်သူတွေဆိုတာ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဟာ ဆိုင်ကယ် ၂ ယောက်ပိုးစီးတာတွေမြင်ရင်လည်း လိုက်လံပစ်ခတ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မုံရွာမြို့က လူငယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ မုံရွာ-အရာတော်လမ်းပိုင်းဘက်မှာလည်း နယ်မြေစိုးမိုးမှုရဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
















































