နိုဝင်ဘာ – ၈ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်း-ကတိုင်တိလမ်းပိုင်းမှာစစ်ကောင် စီတပ်က စစ်ကြောင်းထိုးရာမှာ KNU တပ်မဟာ(၅)ပူးပေါင်းတပ်တွေနဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဖာပွန်ခရိုင်၊ ကမမောင်းမြို့အနီး ဝါးဒူးကျေးရွာအခြေပြု အင်အားစုဖွဲ့ထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာနိုဝင်ဘာ ၆ရက်မှာကမမောင်း-ကတိုင် တိလမ်းပိုင်းဝါးဒူးကျေးရွာကနေတဆင့်ဝါးသိုးခိုကျေးရွာဘက်ကို ဦးတည်ပြီး တက်လာခဲ့တာပါ။
အဲဒီစစ်ကြောင်း နဲ့ KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေကြား နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းသုံးတာ ၊ လေကြောင်းပစ်ကူ ၊ လက်နက်ကြီးပစ်ကူ သုံးတာကြောင့် ပူးပေါင်းတပ်ကဘက်က အနည်းငယ် နောက်ဆုတ်ပေးလိုက်ရတယ်လို့လည်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
“ သူတို့(စစ်ကောင်စီတပ်) အင်အားတော်တော်လေးများလာတဲ့အခါကျတော့ ဒီဘက်ကနေပြီးတော့ နည်းနည်းလေးတော့ဆုတ်ပေးလိုက်တယ်၊ ဒါပေမဲ့ သိပ်အဝေးကြီးတော့ မဟုတ်ဘူးပေါ့နော်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့ကနေတဆင့် ကတိုင်တိကျေးရွာနဲ့ ဖာပွန်စစ်ဗျူဟာဘက်ကို စစ်ကူပေးပို့နိုင်ဖို့၊ ကမမောင်း-ကတိုင်တိ-ဖာပွန်လမ်းပိုင်းတလျှောက်ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ကြိုးပမ်းနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကစပြီး တပ်အင်အားတွေဖြည့်ဆည်းနေကာကမမောင်းမြို့အနီး ဝါးဒူးကျေးရွာမှာ ခြေချတပ်စွဲပါတယ်။ ဝါးဒူးရွာဟာ ဖာပွန်မြို့နဲ့ မိုင် ၅၀ ခန့်ဝေးပါတယ်။
စစ်ကောင်စီတပ်ဟာ လက််လွှတ်ထားရတဲ့ ဖာပွန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးရည်မှန်းချက်ထားနေတာဖြစ်ပြီး ဖာပွန်ဗျုဟာ ဆီ စစ်ကူပေးပို့နိုင်ရင် အဲဒီဗျုဟာကနေ ဖာပွန်မြို့ကို သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ ဖာပွန်မြို့ကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်ကထိန်းချုပ်နိုင်ခဲ့ပေမယ့် မြို့ရဲ့ တောင်ဘက်မှာတော့ ဖာပွန်စစ်ဗျုဟာ ကျန်ရှိနေပါတယ်။ အဲဒီ ဗျုဟာ ကို ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ ထားပါတယ်။
















































