Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းတိုက်ပွဲတွေအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၈၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးရာ ပေါက်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ဒေသတွင်း ပြည်သူ့စစ်တွေနဲ့ ပေါင်းပြီး အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

“ ၅ ရက်နေ့က တနေကုန်ပဲ။ ၆ ရက်နေ့ မနက်ကလည်း ဆက်ဖြစ်ပြီး စစ်အုပ်စုဘက်က အသေ အပျောက်များတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပေါက်တောင်ပိုင်းတိုက်ပွဲအခြေအနေအပေါ် ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ထံက လက်နက်၊ခဲယမ်းတွေ သိမ်းဆည်းရမိတာရှိတယ်လို့ ပေါက်-ဆိပ်ဖြူ ပူးပေါင်းစစ်ကြောင်းရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ စစ်ကောင်စီတပ်စစ်ကြောင်း အခြေအနေတွေကြောင့် ဖြစ်စဥ်အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ ၎င်းက ဆိုပါတယ်။

ဆိပ်ဖြူ​အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကနေ တပ်မ(၉၉) လက် အောက်ခံ တပ်ရင်းသုံးရင်းက အောက်တိုဘာ ၂၉ ရက်ကစပြီး ပေါက်တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

တပ်ရင်း သုံးရင်းပူးပေါင်းထားတဲ့ စစ်ကြောင်းကို အောက်တိုဘာ ၃၁ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦးရုပ်အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းရထားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းကနေပဲ နိုဝင်ဘာ ၁ ရက်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို ပေါက်မြို့နယ် ပကဖက လက်နက်တွေနဲ့ တကွ ဖမ်းဆီးရရှိထားပါတယ်။

“ ဒီမနက်ထိ နောက်ဆုံးသိရတဲ့ စစ်ကောင်စီစစ်ကြောင်းက ပေါက်မြို့​နဲ့ အနီးဆုံးလို့ ပြောရမယ့်ကျသိုက်ရွာကို ရောက်ပြီကြားတယ်” လို့ ပေါက်မြို့ နယ်က ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ရေးအရ ပေါက် – ဆိပ်ဖြူလမ်းပိုင်းကို ရက်အကန့်အသက်မရှိ ပိတ်ထားတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ