နိုဝင်ဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲရလဒ်ကိုပြတ်သားစွာ ငြင်းပယ်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းအား ထပ်မံ တိုက်တွန်းတောင်းဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ကျရောက်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ (၅)နှစ်ပြည့် အထိမ်းအမှတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူကရွေးကောက်တင်မြောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်တပ်ရဲ့ ခြိမ်းခြောက်၊ ဖမ်းဆီးမှု ကြားက ပြည်သူ အပ်နှင်းလိုက်တဲ့လုပ်ပိုင်ခွင့်အာဏာကို ဆက်လက်ကျင့်သုံးကာ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရေး တော်လှန်ရေးအင်အားစုအသီးသီးနဲ့ လက်တွဲကြိုးပမ်းလျက်ရှိကြောင်း အသိပေးပါတယ်။ပြည်သူရဲ့ဆင့်လွှဲအာဏာအရ အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အခက်အခဲအတားအဆီးများကြားမှပင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်တာဝန်များ၊ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။
အောက်တိုဘာလက ကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)ရဲ့ (၁၅၁) ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား တရားဝင်မိတ်ဖက် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားမှုကို ဆက်လက်အတည်ပြုခဲ့တာဟာ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ တခဲနက်ဆန္ဒမဲပေးခဲ့ ကြတဲ့ မြန်မာပြည်သူတို့ရဲ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုခြင်းပင် ဖြစ်ကြောင်း CRPHက ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒီအသိအမှတ်ပြုမှုနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မြန်မာပြည်သူတို့ရဲ့စစ်မှန်တဲ့ သဘောထားနဲ့ မျှော်လင့်ချက်တို့ကို နိုင်ငံတကာအသိုက်အဝန်းက သိရှိလက်ခံပြီး ပံ့ပိုးကူညီမှုများ တိုးမြှင့်လာစေဖို့ ဆက်လက်ကြိုးပမ်းမယ်လို့လည်း ဖော်ပြထားပါတယ်။
CRPHဟာ လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီနည်းကျရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်တစ်ရပ် မပေါ်ပေါက်မချင်း တရားဝင်ဆဲ ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲ၍ အေးချမ်းတည်ငြိမ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများ အားလုံးနဲ့လက်တွဲကာ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဒီမိုကရေစီအစုအဖွဲ့တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ပိုမိုပံ့ပိုးကူညီပေးဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံရေးပါတီ (၉၁) ခုနဲ့ တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅,၆၃၉) ဦး ဝင်ပြိုင်အရွေးခံခဲ့ပြီး မဲဆန္ဒနယ် ၁၁၁၇ နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲပေးခွင့်ရှိသူ ၇၁ရာခိုင်နှုန်းကျော် မဲပေးခဲ့ပြီး ခိုင်လုံမဲ ၉၆ ရာခိုင်နှုန်းကျော်ရရှိခဲ့သလို ယုံကြည်စိတ်ချရပြီး ပြည်သူအများစုရဲ့ ဆန္ဒကို ထင်ဟပ် စေခဲ့သည့် ရွေးကောက်ပွဲအဖြစ် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက အသိအမှတ်ပြုခဲ့ကြတယ်လို့ CRPHက ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က တရားဝင်အစိုးရထံက နိုင်ငံတော်အာဏာကို ဥပဒေမဲ့လုယူခဲ့တဲ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို အပြစ်မဲ့ ဖမ်းဆီးထောင်ချခဲ့သလို အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းဖြင့် တိုက်ခိုက်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အတင်းအဓမ္မ စစ်မှုထမ်းဆောင်စေတာတွေကို ဆက်လက်တိုးမြှင့် လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ ၃ဒသမ၆ သန်းကျော်နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး သန်းပေါင်းများစွာသော ပြည်သူလူထုဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာ စီးပွားရေး သိသိသာသာ ကျဆင်းတာ၊ ၊ အလုပ်အကိုင် ရှားပါးလာတာ၊ တရားဥပဒေစိုးမိုးမှုမရှိတာအပြင် အွန်လိုင်းလိမ်လည်မှုတွေ၊ လူမှောင်ခိုကူးမှုတွေ၊ မူးယစ်ဆေးဝါး ကုန်သွယ်ဖြန့်ဝေမှုတွေ အဆမတန်ကြီးထွားလာတာကြောင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးကိုသာမက ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိနေကြောင်း CRPHက ဖော်ပြပါတယ်။
ဒီအခြေအနေမှာ စစ်တပ်က ပြုလုပ်ဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ရွေးကောက်ပွဲတစ်ခု မဟုတ်တဲ့အပြင် ပြည်သူအများစုရဲ့ ဆန္ဒအမှန်ကိုလည်း ထင်ဟပ်စေမှာ မဟုတ်ဘူးဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေး ကြိုတင်ကြံစည်ထားတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
စစ်ရာဇဝတ်မှုများစွာနဲ့ ဥပဒေမဲ့လုပ်ရပ်များစွာကို ကျူးလွန်နေတဲ့ စစ်အုပ်စုက ပြည်သူတွေကို ဖိနှိပ် ပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဟု CRPHက ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ အဓိက နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်၊ ဖယ်ကြဉ် ထားပြီး လွတ်လပ်သော သတင်းရယူခွင့်ကိုလည်း ပိတ်ပင်ထားသလို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဟာ အန္တရာယ်ရှိတဲ့အခြေအနေသို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ယုံကြည်ရသော အစီရင်ခံစာတွေအရ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအရ ထင်ရှားကျော်ကြားသော အနုပညာရှင်များအပါအဝင် အရပ်သားပြည်သူ အနည်းဆုံး (၉၉) ဦးအား ဖမ်းဆီးအရေးယူထား ကြောင်း သိရတယ်လို့ ဖော်ပြပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲဟာ ဟန်ပြ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို ပိုမိုဆိုးရွားစေမယ်လို့ သတိပေးပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့ အခြေအနေများစွာကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် စစ်မှန်သော ငြိမ်းချမ်းရေးဟာ ပိုအလှမ်းဝေးနေမယ်လို့ CRPH က ထုတ်ပြန်ခဲ့ပါတယ်။


















































