နိုဝင်ဘာ-၈၊ ၂၀၂၅။ မေ/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှောပင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၈ ရက် ဒီနေ့ မနက်၄နာရီလောက်မှာ ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာကနေ ခွဲထွက်လာတဲ့ စစ်ကြောင်းဟာ နှောပင်ရွာကို စီးနင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“ PDF ရွာတွေဆိုပြီး ရှို့တာ။ ပြည်သူတွေက ပြေးနေတာ့ အထိခိုက်တော့မရှိဘူးလို့ လတ်တလောသိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်က နှောပင်ရွာကို နေရာသုံးခုခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု များနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ အင်အားခွဲပြီး သနပ်ချောင်ရွာကိုလည်း ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ သိရပါတယ်။ နေ့လယ်ပိုင်းမှာ စစ်ကြောင်းဟာ မူးဘောင်အတိုင်း တပ်ပြန်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလအတွင်းမှာပဲ ဝက်လက်မြို့နယ် အနောက်ခြမ်းက မူးကြီး၊ ခေါတာ၊ တမာကုန်း၊ တံတားဦး၊ ထုံးဘို၊ ရွာတော်ကုန်းရွာတွေနဲ့ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
















































