“ စစ်ရေးအဆုံးသတ်ဖို့ အထွေထွေစစ်အတွက် ဆိုပြီးတော့မှ ERO တပ်ဖွဲ့တွေရော၊ PDF တပ်ဖွဲ့တွေရော အင်အားတည်ဆောက်မှုအပိုင်းလည်း ဒီအချိန်မှာ စနစ်တကျနဲ့လုပ်နေကြတယ်” -ရဲဘော်အောင်စံရှား
နိုဝင်ဘာ- ၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
လာမယ့်စစ်ဆင်ရေးတွေဟာ တိုင်းရင်းသားတပ်ဖွဲ့(ERO)တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနတို့ စုဖွဲ့ထားတဲ့ ပူးတွဲကွပ်ကဲမှု ညွှန်ကြားချက်နဲ့ ဖော်ဆောင်ကာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် မဟာဗျူဟာပစ်မှတ်တွေ ရှိထားပြီးဖြစ်ကြောင်း အထူးတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၈ရက်မှာ ကျင်းပတဲ့ ဒေါနအင်အား စကားဝိုင်းမှာ ရဲဘော်အောင်စံရှားက ရှေ့ဆက်လုပ်ဆောင်သွားမယ့် စစ်ရေးအခြေအနေတွေကို အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။

Public Service Announcement
” တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် မဟာဗျူဟာပစ်မှတ်တွေကျနော်တို့မှာ ရှိထားပြီးသား ဒီအတွက်ကိုလည်း သတ်မှတ်ထားတဲ့ စစ်ရေးအောင်မြင်မှု စစ်ရေးဆောင်ရွက်မယ့် အချိန်ကာလတခုဆိုတာလည်း ကျနော်တို့မှာ ရှိထားပြီးသား ဖြစ်တယ်။ရှေ့ဆက်လုပ်မယ့် စစ်ဆင်ရေးတွေသည် အရင်တုန်းကလိုမျိုး သာမန်စခန်းသိမ်း တိုက်ပွဲတွေမဟုတ်ဘဲနဲ့ အဓိကကျတဲ့ မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေ အဓိက ကျတဲ့နေရာတွေကိုပဲ ပိုပြီးတော့ အရှိန်မြှင့်ပြီးတော့ သေချာ ပြင်ဆင်စုဖွဲ့ပြီးတော့ ကျနော်တို့ ပူးပေါင်းပြီးတော့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ရဲဘော် အောင်စံရှားက တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖော်ဆောင်မယ့် အစီအစဉ်ကို အသိပေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောကြားထားပြီးဖြစ်တဲ့ တနိုင်ငံလုံးအတိုင်းအတာ အထွေထွေစစ်ကို အကောင်အထည်ဖော်မှု တော်လှန်ရေး အဆုံးသတ် အဆုံးအဖြတ် အောင်မြင်မှု အတိုင်းအတာ တခုထိရမယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်လို့ အဲဒီအခြေအနေတွေကို တော်လှန်ရေးတပ်ဖွဲ့တွေရော PDFတွေရော ဦးတည်သွားနေကြောင်း အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးက ပြောပါတယ်။
“ စစ်ရေးအဆုံးသတ်ဖို့ အထွေထွေစစ် အတွက် ဆိုပြီးတော့မှ ERO တပ်ဖွဲ့တွေရော PDF တပ်ဖွဲ့တွေရော အင်အားတည်ဆောက်မှုအပိုင်းလည်း ဒီအချိန်မှာ စနစ်တကျနဲ့လုပ်နေကြတယ်” လို့ ရဲဘော်အောင်စံရှားက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြေားထားတဲ့ နိုင်ငံတဝန်း တပ်ရင်းပေါင်း ၃၀၀ကျော်ဆိုတာ လေနဲ့ ပြောနေတာမဟုတ်ဘဲ အချက်အလက်နဲ့ ထုတ်ပြနိုင်သလောက် ထုတ်ပြန်ထားတာ ဖြစ်သလို တိုင်းစစ်ဌာန ၁၀ခု ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ရဲဘော်အောင်စံရှားက ပြောပါတယ်။
ဒါဟာ စစ်ရေးပိုင်းမှာ အင်အားတိုးတက်မှု တည်ဆောက်မှု ပမာဏ သေချာကျစ်လစ်ခိုင်မာနေတာကို ပြသာဖြစ်ပြီး တဖက်မှာလည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF တွေပူးပေါင်းဆောင်ရွက်ဖို့ စုဖွဲ့မှုတွေကို တောင်ပိုင်းရော၊ မြောက်ပိုင်းရော စနစ်တကျဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
ဒီကနေ့ စကားဝိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်လည်း ပါဝင်ဆွေးနွေးခဲ့ပြီး PDF တွေက တနိုင်ငံလုံးလွတ်မြောက်ရေး တိုက်ပွဲဝင်မှရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ စုဖွဲ့ကြတာဖြစ်ကြောင်း ပြောပါတယ်။ ဒါကြောင့် ဒေသစွဲတွေနဲ့ပတ်သက်ပြီး ဆင်ခြင်းသုံးသပ်ဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။
တဖက်မှာ စစ်တပ်က တနိုင်ငံလုံးအတိုင်းအတာ စဉ်းစားမှု နဲ့ တော်လှန်ရေးဘက်ကနေ စွဲထုတ်ပြီးနည်းလမ်းပေါင်းစုံနဲ့ စည်းရုံးတာတွေ လုပ်ဆောင်နေကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။
“ ကျနော်တို့က ခိုင်ခိုင်မာမာ မစုစည်းထားနိုင်ရင် ကျနော်တို့ကို တချောင်းချင်းစီလှန်ပြီးချိုးသွားလိမ့်မယ်။” လို့လည်း ဦးနေဘုန်းလတ်က ပြောကြားပြီး တနိုင်ငံလုံး လွတ်မြောက်ရေးကို ရှေ့တန်းတင်ဖို့ တိုက်တွန်းပါတယ်။ ဒီလို လွတ်မြောက်ရေးလိုအပ်မှုကို အားလုံးကလည်း နားလည်ထားပြီးဖြစ်လို့ နားလည်မှုကို အကောင်အထည်ဖော်ကြဖို့လည်း တိုက်တွန်းပါတယ်။
လက်ရှိ စစ်ကောင်စီဟာ နယ်မြေပြန်စိုးမိုးထိန်းချုပ်နိုင်ရေး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တန်ပြန်ထိုးစစ်တွေ လုပ်နေကြောင်း ရဲဘော်အောင်စံရှားက ပြောပါတယ်။
ရှမ်းမြောက် ဒေသမှာ မြို့အချို့ ပြန်သိမ်းတဲ့ဟာဆိုရင် တရုတ်ရဲ့ ဖိအားပေးမှုကိုပဲ ယူပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေ တချို့ ဆုတ်ခွာလိုက်ရတာဖြစ်တယ်လို့ ပြောပြပါတယ်။ တောင်ပိုင်းမှာ ဆိုရင်လည်း သင်္ဃန်းညီနောင်မြို့နဲ့ ဆက်စပ်တဲ့ တပ်ရင်းသုံးရင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာရသလို လေးကေ့ကော် ဒေသကို စစ်ကောင်စီ ပြန်ဝင်လာတာရှိကြောင်း ပြောပါတယ်။
“စစ်ကောင်စီက လတ်တလောမှာကတော့ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့ရဲ့ အပေါင်းအပါလည်းဖြစ်တယ် အာဏာရှင်နိုင်ငံတချို့ရဲ့ထောက်ခံမှုကို ရနေသေးတာပေါ့။ အနီးစပ်ဆုံးက တရုတ်ရဲ့ ထောက်ခံမှုကို ရနေတယ်။ တရုတ်ကနေ လက်နက်ခဲယမ်း နည်းပညာ ဒရုန်း ဒီအကူအညီကိုလည်း ပေးနေတာဖြစ် သလို တခါ တရုတ်ရဲ့ နိုင်ငံရေးလွှမ်းမိုးမှုအရ တချို့ ERO တပ်ဖွဲ့တွေကို ဖိအားပေးပြီးတော့မှ အခုနောက်ပိုင်း အပစ်ရပ်တဲ့တပ်ဖွဲ့ TNLAတို့ဆိုလည်း အပစ်ရပ်တဲ့အခြေအနေထိဖြစ်လာတယ်ပေါ့နော်။ ဒါကတော့ စစ်ကောင်စီ နောက်မှာ တရုတ်သည် အမာခံရှိနေတယ်ဆိုတဲ့ဟာက သူ့ရဲ့ တခုတည်းသော အားသာချက်ပေါ့နော်။ တခြားအားသာချက်တော့ မရှိပါဘူး။ အဲဒါ သူ့ရဲ့အားသာချက်ဖြစ်တယ်။
အားနည်းချက်ကတော့ စစ်ကောင်စီတပ်မှာ အားနည်းချက်တွေအများကြီးရှိတယ်” လို့ ရဲဘော်အောင်စံရှားက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွင်းမှာ အမာခံ သန္ဓေတပ်သားတွေ မရှိတော့ဘဲ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေသာ အဓိက အသုံးပြုနေရတာဖြစ်လို့ တိုက်ရည်ခိုက်ရည် အတွေ့အကြုံရှိတဲ့ တပ်သားတွေမရှိတာဟာ စစ်ကောင်စီရဲ့ အားနည်းချက်လို့ ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီက နိုင်ငံကို ဖင်ခုထိုင်ထားပြီး နိုင်ငံရဲ့ ရသမျှ ဘဏ္ဍာငွေတွေအသုံးပြုနိုင်နေပေမယ့် အချိန်ကာလတခုမှာ စစ်ကောင်စီအနေနဲ့ ဘဏ္ဍာငွေအကြပ်အတည်းများစွာ ကြုံရနိုင်တယ်လို့လည်း ရဲဘော်အောင်စံရှားက သုံးသပ်ပါတယ်။
တဖက်မှာတော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်သူလူထုရဲက ထောက်ခံမှုနဲ့ ရပ်တည်နေတာဖြစ်ပေမယ့် စစ်ကောင်စီမှာ ပြည်သူလူထု ထောက်လုံမှု လုံး၀မရှိတာဟာ စစ်ကောင်စီရဲ့ အားနည်းချက်ဖြစ်ကြောင်း ရဲဘော်အောင်စံရှားက ပြောပါတယ်။
















































