နိုဝင်ဘာ-၈၊၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူများတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ဒီကနေ့(နိုဝင်ဘာ၈ရက်) ထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ရွာသာကြီးကျေးရွာမှာ အထိုင်ချထားတဲ့စစ်ကောင်စီ တပ်သား ၁၈၀ ခန့်ပါတဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၆ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းက ရွာစဉ်ပတ်မီးရှို့ခဲ့ပြီး ဝက်လက်မြို့တွင်း အထိုင်စခန်းကို မရောက်မီ လမ်းခုလတ်တနေရာမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement
တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ၁၇ဦးသေဆုံးပြီး ဝက်လက်မြို့တွင်းအထိုင်စခန်းကို ဖရိုဖရဲထွက်ပြေးဝင်ရောက်သွားရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ထုတ်ပြန်ချက်ရုပ်သံဖိုင်ထဲမှာတော့ မြောင်းထဲမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေ နဲ့ အဆောက်အဦးထဲက သွေးစွန်းနေတဲ့ စစ်ဝတ်ဆုံတွေ တွေ့ရပါတယ်။
“ အခုလ ၁ ရက်ကစပြီး ရွာသာကြီးကို တပ်မ ၃၃ ကနေ ရဟတ်ယာဥ်တွေနဲ့ စစ်သားတွေပို့ခဲ့တယ်။အဓိကတော့ ဝက်လက်မြို့ရဲ့အနောက်ခြမ်းကို နယ်မြေရှင်းချင်တာပဲ။အခုတော့ ဒီကောင်တွေ ခံလိုက်ရတယ်” လို့ ဝက်လက်မြို့ခံ စစ်ရေးသတင်းရင်း မြစ်က ပြောပါတယ်။
ရွာသာကြီးရွာက စစ်ကောင်စီတပ်သားတွေဟာ ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ တံတားဦးရွာနဲ့ ထုံးဘိုကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းများ ဖြန့်ကျက်လှုပ်ရှားနေတာကြောင့် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်လို့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေရဲ့သတိပေးညွန်ကြားချက်ကို လိုက်နာကြဖို့ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
(ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – Screengrab)


















































