နိုဝင်ဘာ-၈၊၂၀၂၅။နေ့သစ်/ People’s Spring
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဆုတ်ခွာသွားမယ့် မိုးမိတ်မြို့ကို စုပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့ အဲဒီမြို့မှာအခြေစိုက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့(၂)ဖွဲ့က လူထုနွေဦးကို ပြောပါတယ်။
၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းမှာ TNLA ဦးဆောင်ပြီးပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ မိုးမိတ်မြို့မှာ TNLAအပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ် (KPDF)၊ ကျောင်းသားတပ်မတော်(ABSDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ NUGလက်အောက်ခံ မိုးမိတ်ခရိုင် ပကဖ တပ်ဖွဲ့တွေလည်း အခြေစိုက်ထားတာ ဖြစ်ပါတယ်။
“ ဒီဘက်က တော်လှန်ရေးအင်အားစုတွေကလည်း ပေါင်းပြီးကာမယ်လို့ပြောတယ်။ အဲဒီလိုပုံစံမျိုးဆိုတော့ အခြေအနေတော့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် ဒီဘက်က တော်လှန်ရေးအင်အားစုတွေ ညီသွားရင်တော့ တော်တော်နဲ့ထိုးဖို့ မလွယ်ပါဘူး။ မိုးကုတ်၊ မိုးမိတ်တို့ပေးလိုက်ရတဲ့ကိစ္စကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် ထူးခြားတဲ့ အရွေ့တစ်ခုဖြစ်လာမယ်လို့ပဲ မျှော်လင့်တာပေါ့။ ဘာလို့တုန်းဆိုတော့ အရင်က TNLAအုပ်ချုပ်နေတဲ့အချိန်မှာ ကျန်တဲ့တော်လှန်ရေးအင်အားစုတွေကဘေးထွက်နေရတဲ့ပုံစံမျိုးတွေ ၊ အခုချိန်မှာကျ အကုန်လုံးပေါင်းပြီးတော့ အလုပ်လုပ််လို့ရလာတယ်လို့ မျှော်လင့်တာပေါ့” လို့ အမည်မဖော်လိုတဲ့ မိုးမိတ်မြို့မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် TNLAနဲ့အတူ မိုးမိတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ကလည်း မိုးမိတ်မြို့ကို ကျန်ရှိနေတဲ့ တော်လှန်ရေးတပ်တွေနဲ့ ဆက်လက်ခုခံကာကွယ်သွားမယ်လို့ လူထုနွေဦးကို ပြောပါတယ်။
“ တအာင်းက ဆုတ်ခွာမယ်လို့ ဆိုပေမယ့် ကျန်တဲ့အဖွဲ့တွေကဆက်တိုက်မယ်ဆိုတော့အားလုံးအတူတူ ဆက်ချရမှာပေါ့။အားလုံးညီညွတ်ဖို့ပဲ လိုပါတယ်” လို့ အဲဒီတော်လှန်ရေးတပ်က တာဝန်ရှိသူက ပြောပါတယ်။
KIA၊KPDFနဲ့ ABSDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဇန်နဝါရီက မိုးမိတ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါသေးတယ်။ မြို့တစ်မြို့လုံးသိန်းနိုင်လုအခြေအနေမှာ TNLA နဲ့ ညှိနှိုင်းပြီး ပြန်ဆုတ်ခဲ့ပါတယ် ။ အဲဒီနောက်စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ မိုးမိတ်မြို့ကို အင်အားဖြည့်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ၁၀၂၇ဒုတိယပိုင်းမှသာ TNLAဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၂၀၂၄ ဇူလိုင် ၃၁ရက်မှာ မြို့ကိုအပြီးသတ်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုးမိတ်မြို့သာ စစ်ကောင်စီပြန်ရသွားပါက (၃၅)မိုင်သာကွာဝေးတဲ့ KIAသိမ်းပိုက်ထားတဲ့ မဘိမ်းမြို့ဆီ စစ်ဦးလှည့်လာနိုင်တယ်လို့လည်း မိုးမိတ်မြို့မှာရှိတဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ အဲဒီ့ဘက်လမ်းကလည်း ပွင့်သွားနိုင်တယ်။ ပြီးတော့ မိုးမိတ်နဲ့ကပ်ရပ်မှာ ရှိတာက မဘိန်းကိုး။ မဘိမ်းက KIAသိမ်းထားတာလေ။ KIA တို့ AA တို့ပေါင်းသိမ်းထားတာဆိုတော့ အဲဒီ့ကောင်ကလည်း မိုးမိတ်နဲ့က တိုက်ရိုက်ကြီးဖြစ်နေတာ။ အဲဒါဆိုရင် မဘိမ်းကလည်း လက်လွှတ်လိုက်ရနိုင်တယ်။ ဒီဘက်က နေနောက်ထပ်တလမ်းက ဘာရှိနိုင်သေးလဲဆို တွင်းငယ်ပေါ့နော်၊ တကောင်းဘက်ကိုသွားတဲ့လမ်း။ အဲဒီ့လမ်းလည်းရှိသေးတာဆိုတော့ အဲဒီ့လမ်းလည်းပွင့်သွားမှာပဲ။ ဘယ်လိုနေနေလေလေ။ ကျွန်တော်တို့စစ်ကြောင်းကြီးထိုးခံရဖို့ကအဲဒီ့လမ်းကြောတစ်ခုရှိမယ်။ ပြီးတော့ မိုးကုတ်ပါသွားတာကျတော့ ဖော့တော(၇)မိုင်ကနေ ပြီးတော့ ဒီမတ္တရာဘက်အထိဆင်းသွားလို့ရတဲ့ လမ်းရှိတယ်” လို့ ၎င်းက သုံးသပ်ပါတယ်။
တရုတ်ရဲ့ကြားဝင်မှုနဲ့စစ်ကောင်စီနဲ့ ဆွေးနွေးအပစ်ရပ်ခဲ့တဲ့TNLAကမိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ၂၉ရက်မှာ ကြေညာခဲ့ပါတယ်။
TNLAက ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDFက ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်ကာကွယ်မယ်လို့ ကြေညာပါတယ်။
မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဗျူဟာက ပြန်လည်ဖိတ်ခေါ်တဲ့ ကြေညာချက် အောက်တိုဘာ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။
















































