နိုဝင်ဘာ-၉၊၂၀၂၅။လူအေး/People’s Spring
စစ်ရေးပြန်တင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ လမ်းသွားလမ်းလာအမျိုး သမီးတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
ဒီနေ့ (နိုဝင်ဘာ ၉ ရက်) နေ့ခင်းပိုင်းမှာ ဖားကန့်ဗျူဟာကနေ ပစ်လိုက်တဲ့လက်နက်ကြီးက မှော်စီစာကျေးရွာလမ်းမကြီးပေါ်ကျရောက်ပေါက်ကွဲပြီး ဆိုင်ကယ်စီး အမျိုးသမီးတစ်ဦးထိမှန် သေဆုံးခဲ့တာပါ။
” ဖားကန့်ကို စစ်ကြောင်းဝင်လာပြီဆို အရပ်သားထိတာပဲ။ မြင်ရတာ စိတ်မချမ်းသာဘူး။ သေဆုံးသူက သူ့ဘာသာသူ သွားနေတာကို မိုင်းစတွေထိတာ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဖားကန့်ဒေသ လုံးခင်း ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၈ရက် ညပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFတို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုတွေရှိလို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာလို့ သိရပါတယ်။ မနေညကလည်း ဖားကန့်ဗျူဟာကနေ လက်နက်ကြီးတွေ ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့သလို ဒီနေ့လည်း ဆက်ပစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့တွေ့ရင် ကြိုတင်ရှောင်တိမ်းဖို့၊ လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေမလုပ်ဖို့နဲ့ လေကြောင်းနဲ့လက်နက် ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။
ဓာတ်ပုံ – Jade Hunte


















































