နိုဝင်ဘာ-၉၊၂၀၂၅။တာရာ/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှာ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်က ပြန်လာတဲ့ ယာဥ်တစ်စီး ချောက်အတွင်းကျလို့ ယာဥ်ပေါ်ပါသူ ငါးဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဥ်မှာ တောင်ကြီးကနေ မန္တလေးမြို့ဆီ မောင်းနှင်လာသော JINBEI အမျိုးအစားယာဉ်ဟာ ဒီကနေ့ နိုဝင်ဘာ ၉ ရက် နေ့လည်၁နာရီခွဲခန့်မှာ ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနဲ့ မဂွေကျေးရွာကြား မိုင်တိုင်အမှတ် (၅၆/၆) အရောက်မှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
” ကားကဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ ချောက်ထဲကျသွားတာ။ မိုးရွာထားတော့ လမ်းကလည်းချော်နေတာ။ ၅ ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီးဆုံးတာ။ ကျန်တယ့်သူတွေကတော့ မစိုးရိမ်ရလူနာတွေပါ”လို့ ကလောမြို့နယ်မီးသတ်တပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ အမျိုးသား ရှစ်ဦး၊အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၇ အနက်က အမျိုးသမီး သုံးဦး၊အမျိုးသား နှစ်ဦး စုစုပေါင်းငါးဦး သေဆုံးကာ ကျန်ရှိသူ ၁၂ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။
နန့်ပန်တက်လူမှုကူညီရေးအသင်း၊ မကွေကျေးရွာလူမှုကူညီရေးအသင်း၊ မြတ်စေတနာမွန်လူမှုကူညီရေးအသင်းနဲ့ မဟာလူမှုကယ်ဆယ်ရေးအသင်း(အောင်ပန်း)တွေက ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကလောမြို့ပြည်သူ့ဆေးရုံ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


















































