Connect with us

Hi, what are you looking for?

သတင်း

တနိုင်ငံလုံးလွတ်မြောက်ရေးဦးစားမပေးရင်တော်လှန်ရေးကြာရှည်သွားနိုင်ဟု NUG တာဝန်ရှိသူသတိပေး

တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ ကိုယ့်နေရာ၊ကိုယ့်ဒေသလွတ် မြောက်ရေး အားကောင်းရေးကို များစွာ ရှေ့တန်းတင်လွန်းပြီး တနိုင်ငံလုံး လွတ်မြောက်ရေးနောက်မှစဉ်းစားပါက တော်လှန်ရေးကြာရှည်သွားနိုင်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပြောကြားပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ ကိုယ့်နေရာ၊ကိုယ့်ဒေသလွတ် မြောက်ရေး အားကောင်းရေးကို များစွာ ရှေ့တန်းတင်လွန်းပြီး တနိုင်ငံလုံး လွတ်မြောက်ရေးနောက်မှစဉ်းစားပါက တော်လှန်ရေးကြာရှည်သွားနိုင်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပြောကြားပါတယ်။

နိုဝင်ဘာ ၈ရက်ညကကျင်းပတဲ့ ဒေါနအင်အားစကားဝိုင်းမှာ ဦးနေဘုန်းလတ်က တနိုင်ငံလုံးလွတ်မြောက်ရေး ရှေ့တန်းတင်ဖို့ အလေးထားပြောကြားခဲ့တာဖြစ်ပါတယ်။

“ တနိုင်ငံလုံး လွတ်မြောက်ရေးကို ရှေ့တန်းတင်ပါ။ တနိုင်ငံလုံးလွတ်မြောက်ရေးဟာကျနော်တို့ရဲ့ ပထမ ဦးစားပေး ဖြစ်သင့်တယ်။ ကိုယ့်နေရာ ကိုယ့်ဒေသ လွတ်မြောက်ရေးက စတင်ရတာ မှန်ပေမယ့် ကိုယ့်နေရာ ကိုယ့်ဒေသ လွတ်မြောက်ရေးမှာတင်လမ်းဆုံးသွားလို့ တော့ မရပါဘူး။ တနိုင်ငံလုံးလွတ်မြောက်ရေးကို ဘယ်တော့မှ မမေ့ဘဲ ပထမဦးစားပေးနေရာမှာထားပြီးတော်လှန်ရေး အင်အားစုတွေအားလုံးကြိုးစားနိုင်မှသာလျင်တော်လှန်ရေးဟာ အချိန်တိုတိုနဲ့ အောင်မြင်မှု ပန်းတိုင်ကို ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုတွေ အားလုံးအကြား ညီညွတ်ရေးခိုင်မာစွာ တည်ဆောက်နိုင်မှ တော်
လှန်ရေးအောင်မြင်မယ်ဆိုတာ နားလည်လက်ခံယုံကြည်ခဲ့ကြတာဖြစ်သလို ညီညွတ်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် မလွယ်ကူကြောင်း ပြောပြပါတယ်။

နှစ်ပေါင်းများစွာ စစ်တပ်ဘက်က နည်းမျိုးစုံ သွေးခွဲခဲ့လို့ ညီညွတ်ရေးက လွယ်လွယ်ကူကူ မဖြစ်တာ ရှိသလို မတူညီတဲ့အခြေအနေ မတူညီတဲ့ဖိအား ရင်ဆိုင်နေရ၍ များစွာ မလွယ်ကူဟု ဦးနေဘုန်းလတ်က ပြောပါတယ်။

“ ညီညွတ်မှအောင်မြင်မယ်ဆိုတာအားလုံးနားလည်ကြတယ် အားလုံးလက်ခံထားကြတယ်။ ဒါပေမဲ့ တကယ်တန်း အားလုံးစုလိုက်ကြပါဆိုတဲ့ကိစ္စမှာတော့ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ဒဏ်ရာတွေ အနာတွေဒါတွေကလည်းပဲတစုံတရာထည့်သွင်းစဉ်းစားရတဲ့ကိစ္စတွေဖြစ်လာတော့ ထင်သလောက် လွယ်ကူမနေတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ရပါတယ်”
လို့ ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

NUG အနေနဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုအပါအင် အင်အားစုအားလုံးနဲ့ ထိစပ်မှု ရင်းနီးမှု ပူးပေါင်းဆောင်ရွက်မှုရှိတယ်လို့ ပြောကြားခဲ့သလို တိုင်းနဲ့ ပြည်နယ်တွေအားလုံးမှာ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေကြတယ်ဆိုတာလည်း ပြောပါတယ်။

” လက်ရှိ စိုးမိုးသိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေရရှိဖို့ ဆိုတဲ့ကိစ္စမှာလည်း PDF တွေ အထူးသဖြင့် ဂျန်ဇီတွေပေါ့ဗျာ အဲဒီဂျန်ဇီတွေရဲ့ အသက်တွေ ဘ၀တွေအများကြီး ရင်းနှီးပေးဆပ်ခဲ့ကြရတယ်ဆိုတဲ့ အမှန်တရားကလည်း ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါတွေကိုတော့ ကျနော်တို့တွေ အသိအမှတ်ပြု လက်ခံထားဖို့ အရမ်းအရေးကြီးတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ညီညွတ်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဆက်ကြိုးစားကြသလိုအားလုံးလည်း ညီညွတ်ရေးရှိမှ အောင်မြင်မယ်ဆိုတဲ့ဟာကို နားလည်ဆောင်ရွက်ကြဖို့ များစွာ အရေးကြီးကြောင်း ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ တနိုင်ငံလုံးလွတ်မြောက်ရေးဆိုတဲ့ကိစ္စကို ရှေ့တန်းတင်ဖို့လိုပါတယ်။ လက်ရှိမှာ တချို့ လွတ်မြောက်နယ်မြေအချို့ရှိလာတယ်ဆိုပေမယ့် တနိုင်ငံလုံး မလွတ်မြောက်သေးသရွေ့တော့ ဘယ်နေရာ ဘယ်ဒေသမှ အပြည့်အ၀ မလွတ်မြောက်နိုင်ဘူး အပြည့်အ၀ မငြိမ်းချမ်းနိုင်ဘူး၊ အပြည့်အ၀ အားကောင်း လာမှာလည်းမဟုတ်ဘူး။”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးဆိုင်ရာ သဘောတူညီချက် အချို့လည်း ရရှိထားတာရှိသလို နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ဟာလည်း များစွာအရေးကြီးကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ NUG ပေါင်းပြီး တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း ပြောပါတယ်။

“အားလုံးက တနိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ့နော် ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေး အတွက်ကို ၀ိုင်းဝန်းပြီး ဦးဆောင်ကြဖို့ ဆိုတဲ့ အခြေအနေတခုဖြစ်လာဖို့ ဆိုတာလည်း ရည်မှန်းပြီး ကြိုးစား ဆောင်ရွက်နေတာတွေလည်းရှိပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးဟာ စုစည်းညီညွတ်မှု အားနဲ့ ပြည်သူ့အားကို မြဲမြံစွာ ဆုပ်ကိုင်ထားရမှာ ဖြစ်ကြောင်း ထပ်လောင်း သတိပေးခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖို့ဆိုပါက တော်လှန်ရေးအင်အားစုတွေအကြား ကွဲလွဲတဲ့ သဘောထား အမြင်တွေ ရှိလာရင်လည်း အသိအမှတ်ပြု ပြီး စုစည်းညီညွတ်တဲ့အင်အားကို လက်တွဲ တည်ဆောက်ရမှာ ဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။ ဘုံရန်သူကို ရှင်းလင်းပြတ်သားစွာ ကြည့်မြင်ဖို့၊ တော်လှန်ရေးဟာ ပြည်သူလူထုနဲ့ ဝေးကွာမသွားစေဖို့ အမြဲမပြတ်နှလုံးသွင်းထားကြဖို့ ယာယီသမ္မတက ထပ်မံတိုက်တွန်းခဲ့တာပါ။

ဆက်စပ်သတင်းများ