နိုဝင်ဘာ-၉၊၂၀၂၅။ရောင်နီ/People’s Spring
စစ်တပ်အတွက်ဝါဒဖြန့်သီချင်းတွေဆိုခဲ့တဲ့G Fatt ရဲ့ဖျော်ဖြေပွဲကို ဖျက်သိမ်းခြင်းမရှိဘဲ ဆက်လက်ကျင်းပဖို့ ပြုလုပ်နေတာကြောင့် ပွဲစီစဉ်သူကို သပိတ်မှောက် Boycott ပြုလုပ်ဖို့ မလေးရှားရောက်ပြည်သူတွေကတောင်းဆိုလိုက်ပါတယ်။
G Fatt ရဲ့ ဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က Sense 3 ဆိုင်မှာ ဒီကနေ့ (နိုဝင်ဘာ ၉ ရက်) မှာ မလေးရှားအချိန် ည ၁၀ နာရီ ကနေ မနက် ၅ နာရီအထိ Night Party ဆိုပြီးလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ G Fatt က ပြည်သူ့ဘက်ကနေ စစ်ကောင်စီဘက်ကို ပြောင်းလဲခဲ့ပြီး စစ်တပ်အတွက်ဝါဒဖြန့်သီချင်းဆိုပေးခဲ့တာကြောင့် ပြည်သူတွေက ဒီပွဲကို Boycott ပြုလုပ််ဖို့တိုက်တွန်းခဲ့တာပါ။
မလေးရှားမှာ အခုလိုပွဲတွေ စီစဥ်တာ ၂ ဖွဲ့ရှိပါတယ်။ အခုလပိုင်းအတွင်းပွဲတွေပိုလုပ်လာသလိုG Fatt ပွဲကိုစီစဉ်တဲ့သူက စုစထက်မြက် အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူကတော့ Boycott သတင်းတွေ ထွက်လာပြီးချိန်မှာ အကောင့်ကို လော့ ချထားတာတွေ့ရပါတယ်။ ဒါပေမယ့် ပွဲကိုဆက်လက်ကျင်းပဖို့ ကိုဆက်လုပ်နေတယ်လို့ မလေးရှားရောက်မြန်မာတွေကပြောပါတယ်။

Public Service Announcement
ဒီဖျော်ဖြေပွဲကိုကျင်းပသူတွေက မလေးရှားနိုင်ငံမှာ ၂၀၂၃ နှစ်ကုန်ပိုင်းကစတင်ပြီး ပြည်တွင်းက အဆိုတော် တွေနဲ့ ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့တာလို့ မလေးရှားရောက် မြန်မာအချို့ကပြောပါတယ်။
ပွဲစီစဉ်သူ အမျိုးသမီးဟာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဖြစ်ပွားချိန်မှာ မြန်မာနိုင်ငံကိုပြန်ခဲ့ပြီး စစ်တပ်အာဏာသိမ်းစမှာ ဆန္ဒပြပွဲတွေမှာပါခဲ့တာကြောင့် ၅၀၅ နဲ့ အဖမ်းခံရဖူးပြီး ခံဝန်နဲ့ ပြန်လွတ်လာသူလို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်ကအတည်ပြုပေးပါတယ်။
“ သူတို့ကိုပြောရင် အဲ့၅၀၅လက်မှတ်ကြီးထုတ်ထုတ်ပြပြီး ဆဲတယ်။မိုက်မိုက်ရိုင်းရိုင်းကိုဆဲတာ။” လို့ မလေးရှားရောက်ပြည်သူတစ်ဦးကပြောပါတယ်။
ဒီလိုဖျော်ဖြေပွဲတွေ ပြုလုပ်နေတာဟာတော်လှန်ရေးအတွက် ထောက်ပို့လုပ်ဆောင်မှုတွေကို ထိခိုက်အောင် ၊ လူငယ်တွေကို အပျော်အပါးမှာပဲအာရုံရောက်နေအောင် ၊စစ်တပ် လက်အောက်ကအနုပညာရှင်နဲ့ စစ်တပ် ဝါဒဖြန့် အနုပညာရှင်တွေကိုသာ ဆက်တိုက်ခေါ်ပွဲလုပ်နေတာလို့ မလေးရှားရောက်မြန်မာတွေက ပြောကြပါတယ်။ အရင်ကပွဲလုပ်တာ ကျဲပေမယ့် ဒီလပိုင်းအတွင်းမှာ တစ်လကို နှစ်ပွဲလောက်အထိတိုးလုပ်လာတယ်လို့သူတို့ကဆက်ပြောပါတယ်။
“ တလရ ကာလအတွင်း မလေးရှားမှာ အရင်ဆုံးပွဲဖြစ်သွားတာက လမင်းကဗျာပဲ သူနဲ့စီးပွါးပြိုင်ဘက်က စခေါ်တာပါ။အဲ့ကစပြီး သူ့ထက်ငါအပြိုင် ဘောမတွေ တစ်ယောက်ပြီး တစ်ယောက်ခေါ်ပြီး ပွဲလုပ်နေကြတာ။အခုက တော်တော်လွန်လာပြီ။ ” မလေးရှားရောက်ပြည်သူတစ်ဦးကပြောပါတယ်။
သူတို့စီစဥ်တဲ့ပွဲတေလမှာ လက်မှတ်ခ တစ်ယောက်ကို မလေးရှားရင်းဂစ် ၇၀ ဆိုပေမယ့် ခန်းမထဲရောက်ရင် အရက်ပုလင်းမဝယ်ရင် စားပွဲဝိုင်းမရတာမို့ အရက် ၊ဘီယာ စတာတွေထပ်ဝယ်သောက်ကြရတာမို့ ၁ ယောက်ကို ပွဲတကြိမ်သွားရင် ၁ ဦးကို ရင်းဂစ် ၅၀၀ လောက်အနည်းဆုံးကုန်တယ်လို့မလေးရှားရောက်မြန်မာတွေကပြောပါတယ်။
“ အရင်ကဆို စက်ရုံမှာ လတိုင်းထောက်ပို့အတွက်ကောက်ကြတာ။အခုတော့ ထောက်ပို့အတွက်ကောက်တာတွေတောင်မရှိသလောက်ဖြစ်နေပါပြီ။ လူငယ်တော်တော်များများက အဲ့ပွဲတွေ သွားဖို့ စဉ်းစားကြတာဆိုတော့” လို့ မလေးရှားရောက်မြန်မာတဦးကလည်းပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်သူတွေကိုတောင်ဖျော်ဖြေပွဲလာကြည့်လို့ရအောင် ပွဲစီစဉ်သူက အာမခံ ပေးတယ်လို့ ဆိုပါတယ်။ဒါကြောင့်ပွဲစီစဥ်သူတွေဟာ စစ်ကောင်စီရဲ့သံရုံးနဲ့ပါ နီးစပ်တယ်လို့ မလေးရှားရောက်မြန်မာတွေကသုံးသပ်ကြပါတယ်။
ဒီဖျော်ဖြေပွဲစီစဉ်သူတွေ ပွဲတွေ ဆက်တိုက်လုပ်နိုင်ဖို့အတွက် နောက်ကွယ်ကစေခိုင်းနေသူလည်းရှိတယ်လို့ မလေးရှားရောက်မြန်မာ ၁ ဦးက ပြောပါတယ်။
“ အဲ့လူက(ပွဲစီစဥ်သူကိုနောက်ကွယ်က ကူညီစေခိုင်းနေသူ) စစ်တပ်အသိုင်းအဝိုင်းကလို့ပဲသိတယ်။ဘယ်သူလဲတော့ အတိအကျမသိဘူး” လို့ပြောပါတယ်။ ဒါပေမယ့် ဒီအချက်အလက်အပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါပဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
G Fatt နဲ့ နိုဝင်ဘာ ၉ ရက်မှာပွဲလုပ်ပြီးရင် နိုဝင်ဘာ ၁၇ ရက်မှာ Joe Lay နဲ့ပွဲထက်လုပ်ဦးမှာဖြစ်ပြီး လူ ၁ ယောက်ကို ရင်းဂစ် ၇၀ လို့ကြော်ငြာထားတာတွေ့ရပါတယ် ။
“ ရှေ့လ တစ်လထဲတင် ရဲရင့်အောင် တစ်ပွဲ ၊လွှမ်းပိုင်တစ်ပွဲ ၊ ရဲလေး ၊ အိမ့်ချစ် တစ်ပွဲ လုပ်ထားတာပါ။၂ ပါတ် ၃ပါတ်လောက်ခြားပြီး ဆက်တိုက်ခေါ်နေတာပါ ။အရှေ့က artist တွေခေါ်တာ တော့ ဘာမှမပြောလိုပေမဲ့ Gfatt ကတော့ boycott ရမဲ့စာရင်းထဲပါတယ်ထင်လို့ လာပြောပြတာပါ” လို့မလေးရှားရောက်မြန်မာတစ်ဦးကပြောပါတယ်။
G Fatt နဲ့ Floke Rose တို့က စစ်တပ်ဆီခံဝန်ထိုးပြန်ဝင်ပြီး သူတို့ ၂ ယောက်ပေါင်းပြီ တနဂါ်နွေညနေမှ အလေ့ကျနွှမ်းပန်းများ” ဆိုပြီး ဝါဒဖြန့် သီချင်းသီဆိုခဲ့ကြပါတယ် ။စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေသူတွေကို အထင်မှားအောင် ၊စစ်တပ်ဆီမှာ အညံခံတာကပဲ အကောင်းဆိုတဲ့ပုံစံဝါဒဖြန့်ထားတယ်ဆိုပြီး တော်လှန်ရေးအင်အားစုတွေကအပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ G Fatt ဟာပြည်တွင်းပြန်ဝင်ပြီး ယုံလေး ၊ပိုင်တခွန်တို့နဲ့အတူ ၂၀၂၃ စစ်တပ်ရေကစားမဏ္ဍပ်ပွဲကိုစတက်ပြီးနောက်ပိုင်း စစ်တပ်ပွဲတွေမကြာခဏတက်နေခဲ့ပါတယ် ။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေ နဲ့ တော်လှန်ပြည်သူတွေက G Fatt ကို သပိတ်မှောက်ဖို့ ၊လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။
အခုလိုပွဲတွေလုပ်နေပေမယ့် တိုင်တဲ့သူမရှိတဲ့အတွက်မလေးရှားရဲက ဖမ်းဆီးတာမခံရဘူးလို့ မလေးရှားရောက်မြန်မာတွေကပြောပါတယ်။
“ အဲ့လိုပွဲကို တိုင်တဲ့သူမရှိဘူးလေ။အရင်က တိုင်လို့ ဖူးပွင့်ခိုင်နဲ့အေမီစျာန်တို့ ဖမ်းခံထိတယ်။အဲ့တိုင်တဲ့သူက ဘယ်သူလည်းတော့မသိဘူး။ အသံထွက်လာတော့ တော်လှန်ရေးလုပ်တဲ့သူတစ်ယောက်လို့ အသံထွက်တော့ သူတို့(ပွဲလုပ်သူတွေ) က သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်သေးတယ်” လို့ မလေးရှားရောက်မြန်မာတဦးကပြောပါတယ် ။
ပွဲစီစဥ်သူတွေက မလေးရှားရဲတွေကိုလည်း ငွေပေးထားတာမို့ ပိုင်တယ်လို့သူကဆက်ပြောပါတယ်။ ဒါပေမယ့် အဲလိုပွဲတွေမှာ တော်လှန်ရေး၊နိုင်ငံရေးနဲ့ ပတ်သက်ပြီး အော်တာ ၊လုပ်တာမျိုးကိုခွင့်မပြုဘူးလို့စုံစမ်းသိရပါတယ်။
“ အထဲမှာ နိုင်ငံရေးနဲ့ပတ်သတ်တာတွေအော်မိရင် video တွေ ရိုက်ထားမိရင်လဲ အကုန်ဖြတ်ခိုင်းပါတယ်။Security တွေနဲ့ပွဲထဲဝင်လာပြီး ဖျက်ခိုင်းတာ” လို့ပွဲကိုရောက်ခဲ့တဲ့မြန်မာတဦးကပြောပါတယ်။
G Fatt ပွဲနဲ့ပတ်သက်ပြီး စစ်တပ်ဘက်တော်သားတွေကို ထိထိရောက်ရောက်သပိတ်မှောက်ဖို့ နှိုးဆော်နေတဲ့Fake News Check Community(Fncc) Burma ကလည်း ပွဲစီစဉ်သူ အပါအဝင် ပါဝင်ပတ်သက်သူတွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။
စုစထက်မြက်အကောင့်ပိုင်ရှင် အပါအဝင် မလေးရှားနိုင်ငံမှာ ဖျော်ဖြေပွဲတွေ ပြုလုပ်နေတဲ့ ဇေယျာဦး အကောင့်ပိုင်ရှင်ကိုလည်း Boycott ပြုလုပ်ဖို့ Fncc က တိုက်တွန်းထားပါတယ်။
“ Study In Malaysia က Organized လုပ်မဲ့Mint / Y3LLO နဲ့ ဘိလပ်ပြန်တို့ ပွဲပျက်သွားပြီဖြစ်ပါတယ်။Boycott လုပ်ရမဲ့ပွဲ နှစ်ပွဲမှာတစ်ပွဲ အောင်မြင်သွားပြီဖြစ်ပါတယ်။ကျောင်းသားလူငယ်တွေပဲ ရှိတဲ့ နေရာဖြစ်လို့ အဲဒီ နေရာက ပွဲက Boycott အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။” လို့ Fncc က မလေးရှားမှာပြုလုပ်မယ့် ဖျော်ဖြေပွဲပျက်သွားတာကို အသိပေးထားပါတယ်။
















































