နိုဝင်ဘာ-၉၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေတာ ၁၁လကြာမြင့်လာပြီဖြစ်ပြီး နှစ်ဖက်ဘက်က စစ်ဆင်ရေးတွေအပြန်အလှန်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဆက်တိုက်ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၈ရက် ညသတင်းမှာ ဖော်ပြထားပါတယ်။
KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့မှာ စစ်တပ်နဲ့ KIAပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေတာကို အသိပေးထားပြီး ဗန်းမော်တက္ကသိုလ်ကျောင်းဝန်း၊ တာမိုင်းလုံဘက်တွေတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်အင်အားဖြည့်တင်းနေတာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခလရ(၄၇)တပ်ရင်း၊ ဗန်းမော်နဲ့ မိုးမောက်မြို့ကြားမှာလည်း စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်လာလို့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Public Service Announcement
ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က နိုဝင်ဘာပထမပတ် ဗန်းမော်တိုက်ပွဲမှာစစ်ကောင်စီတပ်စွဲရာနေရာအချို့ကို KIAက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားထားပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်မှာတော့ စစ်ရေးအခြေအနေ အသေးစိတ်မဖော်ပြမထားပါဘူး။
KIAနဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလအတွင်းဖားကန့်၊ ခေါင်လန်ဖူး၊၀ိုင်းမော် ဒေသတွေမှာလည်းတိုက်ပွဲတွေရှိခဲ့ပြီး ခေါင်လန်ဖူးက စစ်ကောင်စီတပ်စခန်း ၄ခုထက်မနည်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် အခုနိုဝင်ဘာလ တိုက်ပွဲတွေမှာလည်း ဖားကန့်ဒေသက စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို KIAက သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
ကချင်ဒေသစစ်ရေးအခြေအနေတွေကို မေးမြန်းဖို့ KIO/KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
















































