နိုဝင်ဘာ-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
နေပြည်တော်၊ မန္တလေးဘက်ကနေ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းသယ်လာတဲ့ တရုတ်ငွေ ယွမ်သိန်းချီကို နိုဝင်ဘာ ပထမပတ်မှာ သိမ်းဆည်းရရှိတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။
” ၆ရက်နေ့က မန္တလေး၊ နေပြည်တော်ဘက်က တက်လာတဲ့အုပ်စုက မြန်မာကျပ်ငွေအတုနဲ့ တရုတ်ယွမ်ငွေအတု ပေါ့နော်။ အဲဒါသူတို့ သယ်လာတယ်လို့ သတင်းရတယ်။ KIA အုပ်ချုပ်တဲ့နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်နဲ့ မန်ဝိန်းကြီးဘက်မှာ ပြီးတော့ လိုင်ဇာဒီဘက်မှာ ပစ္စည်းတခုခု ဝယ်ဖို့ရာအတွက်ပေါ့။…။မိုင်ဂျာယန်မှာ သူတို့ကို ဖမ်းမိတဲ့အချိန်မှာ ယွမ်ငွေ ၁၀သိန်းကို စစ်တဲ့အချိန်မှာ ၆သိန်းက အတုဖြစ်နေတယ်လို့ သတင်းရတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒီလို ငွေအတုတွေ KIA ထိန်းချုပ်နယ်မြေအတွင်းသယ်လာတာဟာ KIO/KIA အဖွဲ့အစည်းကို နာမည်ပျက်အောင်လုပ်ဖို့ စစ်အုပ်စုဘက်က စီစဉ်တာလို့ မြင်ကြောင်း ၎င်းက သုံးသပ်ပါတယ်။

Public Service Announcement
ကချင်သတင်းရင်းမြစ်အချို့က သိမ်းရတဲ့ ငွေတွေရဲ့ ပုံတွေကို လူမှုကွန်ရက်မှာဖော်ပြတာကိုလည်းတွေ့ရပါတယ်။ အဲဒီလိုဖော်ပြရာမှာ ဒီငွေအတုတွေဟာ စစ်ကောင်စီတပ်နဲ့ တရုတ်သူဌေးတွေ ပူးပေါင်းထုတ်တယ်လို့ ယူဆကြောင်းဖော်ပြတာတွေ့ရပါတယ်။
ဒီလို ငွေအတုတွေဖမ်းမိတာကြောင့် လိုင်ဇာဌာနချုပ်အပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေမှာ တရုတ်ငွေအသစ်တွေ၊ မြန်မာငွေအသစ်တွေကို လက်မခံဖို့ ဆော်ဩတာတွေလည်းရှိပါတယ်။
ယွမ်ငွေအတု ဖမ်းမိတဲ့သတင်းတွေနဲ့ပတ်သက်ပြီး KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်ရေးအရအထိနာတဲ့အခြေအနေမှာ တိုင်းရင်းသားတပ်ဖွဲ့တွေကို မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်လုပ်ငန်းစတာတွေနဲ့ စွပ်စွဲတာတွေ ပြုလုပ်နေပြီး ဒီလိုလုပ်ဆောင်တာဟာ စစ်အုပ်စုက တိုင်းရင်းသားတပ်ဖွဲ့တွေ နာမည်ပျက်အောင် နိုင်ငံရေးအရ အားနည်းအောင် လုပ်ဆောင်တာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေက တုန့်ပြန်ထားပါတယ်။
















































