Connect with us

Hi, what are you looking for?

သတင်း

ဗီယက်နမ်မှာ ပင်လယ်ထဲ နစ်မြုပ်နေတဲ့ ရှေးသင်္ဘောပျက်ကြီး တိုင်ဖွန်းမုန်တိုင်းကြောင့် ပေါ်ထွက်လာ

ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကုန်းတွင်းဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကာလ်မက်ဂီးကြောင့် ကမ်းရိုးတန်း ဧရိယာတချို့က သောင်ပြင်တွေမှာ လှိုင်းရိုက်ပြီး ရေတိုက်စားမှုတွေ ဖြစ်ခဲ့ရာက အခုလို သင်္ဘောပျက်ကြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သက်တမ်း အတိအကျ မသိရသေးပေမယ့် သဲသောင်ပြင်အောက် နစ်မြုပ်နေတာ ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီးပြီလို့ ယုံကြည်ရတဲ့ သင်္ဘောပျက်ကြီးရဲ့ အစိတ်အပိုင်းတချို့ကို ၂၀၂၃ ခုနှစ်က ဟွိုင်အန်းမြို့နားမှာ ရှာတွေ့ခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာတော့ သင်္ဘောကြီးရဲ့ ကိုယ်ထည် အစိတ်အပိုင်း အများစုက သောင်ပြင်အောက်ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေကတော့ ဒါဟာ ထူးကဲလှတဲ့ ရှာဖွေ တွေ့ရှိမှု တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Getty Images

သင်္ဘောဟာ အနည်းဆုံး ၁၇.၄ မီတာရှည်ပြီး ခိုင်မာထူထဲတဲ့ သစ်သားကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ ကြမ်းတမ်းတဲ့ ပင်လယ်လှိုင်းလုံးတွေဒဏ်ကို ရာစုနှစ်တွေနဲ့ချီ ခံစားခဲ့ရပေမယ့် ကိုယ်ထည်အချိုးအဆက် ဘောင်တွေက အတော်ကြီး မပျက်မယွင်း ဆက်ရှိနေဆဲပါ။

၂၀၂၃ ခုနှစ်တုန်းက သင်္ဘောပျက်ကြီးကို စတင်တွေ့ရှိခဲ့တဲ့နောက် တူးဖော် ရွှေ့ပြောင်းရေးတွေ မလုပ်နိုင်ခင်မှာပဲ ရေထဲ ပြန်မြုပ်သွားခဲ့ပါတယ်။ အခုတော့ ပိုပြီး ကျယ်ပြန့်ထင်ရှားတဲ့ အစိတ်အပိုင်းတွေပါ သောင်ပြင်ပေါ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေက သင်္ဘောရဲ့ သက်တမ်းကို အတိအကျ မပြောနိုင်သေးပေမယ့် ၁၄ နဲ့ ၁၆ ရာစုကြားမှာ တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့တော့ ကနဦး ခန့်မှန်းထားပါတယ်။ ကုလသမဂ္ဂ စီးပွားရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတစ်ခုအဖြစ် အသိအမှတ် ပြုထားတဲ့ ဟွိုင်အန်းဟာ အဲဒီကာလတွေတုန်းက ပိုးထည်၊ ကြွေထည်နဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ ကုန်သွယ်ရောင်းဝယ်ရာ အထင်ကရ ဆုံချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

လောလောဆယ်တော့ အမြန်ဆုံး တူးဖော် ရွှေ့ပြောင်းခွင့် ပါမစ်ရရေးကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ ဟွိုင်အန်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးစင်တာ ညွှန်ကြားရေးမှူး ဖမ်ဖူငေါ့က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီရှေးဟောင်း သင်္ဘောကြီးကို ရှာတွေ့ခဲ့တာက ဟွိုင်အန်းဟာ ဒေသရဲ့ ကုန်သွယ်ရေး သမိုင်းကြောင်းကို ဖန်တီးရာမှာ ဘယ်လောက် အရေးပါခဲ့သလဲ ဆိုတာကို ထင်ဟပ်မြင်သာစေလိမ့်မယ်လို့ သူက ဆိုပါတယ်။ ဒီတစ်ကြိမ် သင်္ဘောကြီး ထွက်ပေါ်လာရာမှာတော့ ပိုပြီး ပြည့်စုံတဲ့ အချက်အလက်တွေကို သိပ္ပံပညာရှင်တွေ ရရှိလာစေလိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ထိ အခြေအနေမှာတော့ သင်္ဘောကြီးဟာ သောင်ပြင်ပေါ်မှာ အထင်အရှား ဆက်ရှိနေပြီး လူတွေ အများကြီးက လာရောက် စူးစမ်း ကြည့်ရှုနေခဲ့ကြပါတယ်။

တိုင်ဖွန်း ကာလ်မက်ဂီးကြောင့် ဖိလစ်ပိုင်မှာ လူ ၂၂၀ ကျော်၊ ဗီယက်နမ်မှာ ၆ ဦး အပါအဝင် စုစုပေါင်း ၂၄၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၅၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကာလ်မက်ဂီးဟာ အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့သမျှ မုန်တိုင်းအားလုံးထဲမှာ ထိခိုက်သေကြေတာတွေ ကြုံတွေ့မှု အများဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း ဒုတိယမြောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ အရေအတွက် ၁၈ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ်အတွက် အသေအပျောက် အဆိုးဆုံး မုန်တိုင်းကြီးဒဏ်ကို လောလောလတ်လတ် ခံစားထားရတဲ့ ဖိလစ်ပိုင်ဟာ နောက်ထပ် အင်အားပြင်း မုန်တိုင်း တစ်ခုရဲ့ ဦးတည် ချဉ်းကပ်လာမှုနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။