နိုဝင်ဘာ-၁၁၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာစစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြလှုပ်ရှားမှုတွေဒီကနေ့ (နိုဝင်ဘာ ၁၁) မှာ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ကသာခရိုင်မှာ ၅/ကသာလူထုအောင်လံသပိတ်စစ်ကြောင်းမှ “No Votes Under Guns Reject The Junta’s Sham” ၊ “အာဏာရူးကိုတွန်းလှန်ကြစို့” ၊ “သွေးအေးမနေနဲ့” စတဲ့ စာသားတွေ ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ပါတယ်။
စစ်တပ်က လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ အစစ်အမှန်မဟုတ်ဘဲ အမည်းပေါ် အဖြူတင်နေတဲ့ အတုယောင်ဖြစ်ကြောင်း၊ ပြည်သူလူထုရဲ့ အသက် အိုးအိမ်တွေကို နေ့စဥ် ဗုံးကြဲ၊ မီးရှို့၊ ဖမ်းဆီး သတ်ဖြတ်နေတဲ့အာဏာရူးပွဲ ဖြစ်ကြောင်းလည်း ယာယီထိုင်သပိတ်မှာ သပိတ်ဦးဆောင်သူတို့က ဟောပြောခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက “OUR AMBASSADOR MYANMAR’S VOICE” ၊”သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်စစ်ရွေးကောက်သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” စာသားတွေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်းနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်တစ်နေရာမှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလမှာ ဆက်လက်ထားရှိရေးနဲ့ ငါတို့အသံ ငါတို့သံအမတ် ဦးကျော်မိုးထွန်းသာဖြစ်ကြောင်း “OurAmbassador OurVoice” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။






















































