Connect with us

Hi, what are you looking for?

သတင်း

နာဂဒေသကို စစ်မီးမွှေး​နေတဲ့ စစ်တပ်

နာဂဒေသကို စစ်တပ်ခေါ်သွင်းလာတဲ့ ကသည်းလက်နက်ကိုင်တပ်တွေနဲ့ ဒေသအခြေစိုက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN တပ်ဖွဲ့တွေ မြေပြင်မှာ တင်းမာမှုဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နာဂ ​ဒေသ ၊ဆွမ္မရာမြို့အ​ဝင် ဆိုင်းဘုတ်။ဓါတ်ပုံ-CJ

နိုဝင်ဘာ-၁၁၊၂၀၂၅။အိမ်သွင်/People’s account

နာဂဒေသကို စစ်တပ်ခေါ်သွင်းလာတဲ့ ကသည်းလက်နက်ကိုင်တပ်တွေနဲ့ ဒေသအခြေစိုက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN တပ်ဖွဲ့တွေ မြေပြင်မှာ တင်းမာမှုဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကသည်းလက်နက်က်ိုင်တပ်တွေဟာစစ်ကိုင်းတိုင်းနာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့ကို နိုဝင်ဘာလဆန်းမှာ ခြေလျင်စစ်ကြောင်းနဲ့ ဝင်လာတာလို့ ဒေသခံလူငယ်တစ်ဦးကပြောပါတယ်။

“စစ်တပ်ကသူတို့ရဲ့စခန်းတစ်ခုကို ကသည်းတွေကို ထိုင်ဖို့ခေါ်လာတာ။ နာဂ‌ဒေသကို အခြေအနေရှုပ်ထိအောင်လုပ်နေတာပဲ။ ဒေသခံတွေအနေနဲ့ကတော့ လုံးဝလက်မခံနိုင်ဘူး။NSCNကလည်း လုံးဝလက်မခံဘူး” လို့ လေရှီးမြို့နယ်ကဒေသခံလူငယ်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅၀ ဦးခန့်ဟာဆွမ္မရာမြို့၊ငကျန်ကျေးရွာအနီးမှာ ​ရောက်ရှိနေပြီး ပြန်လည်ဆုတ်ခွာမသွားရင် NSCN တပ်တွေနဲ့ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နာဂဒေသကို ဝင်လာတဲ့ ကသည်းလက်နက်ကိုင်တပ်တွေကကလေးနဲ့ တမူးမြို့နယ်မှာ စစ်ကောင်စီဘက်ကနေ ပူးပေါင်းတိုက်ခိုက်နေတဲ့ United National Liberation Front (UNLF)ဖြစ်တယ်လို့ ဒေသခံတချို့ကပြောပေမယ့် People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိ‌စစ်ရေးတင်းမာနေတဲ့နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာနယ်စပ်ကို ခြေကုတ်ယူပြီး အိန္ဒိယအစိုးရကိုတော်လှန်နေကြတဲ့အဖွဲတွေဖြစ်ပါတယ်။

ကလေးခရိုင်နဲဲ့ဆက်စပ်နေတဲ့ တမူးခရိုင်မှာ ကသည်းလက်နက်ကိုင် တပ်ဖွဲ့ တွေဖြစ်တဲ့ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro)၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) တို့ လှုပ်ရှားပါတယ်။ UNLFအပါအဝင် တပ်ဖွဲ့အချို့ဟာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းနေတာပါ။

National Socialist Council of Nagaland – NSCN-K ဟာ နာဂလူမျိုးတွေ နေထိုင်ရာ ဒေသအားလုံးကို ပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေကြောင့်NSCN-IM နဲ့ NSCN-K စတဲ့ အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ခဲ့ပါတယ်။ ကသည်းလက်နက်ကိုင် တပ်ဖွဲ့ တွေအပြင် NSCN-Kက လည်း တမူးခရိုင်နဲ့ခန္တီးခရိုင်အတွင်းမှာ စစ်တပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေး တပ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသ(၁)က ထုတ်ပြန်ထားပါတယ်။

နာဂဒေသကို ကသည်းလက်နက်ကိုင်အဖွဲ့တွေဝင်လာတာနဲ့ ပတ်သက်လို့ NSCN-IM နဲ့ NSCN-Kက သတင်းထုတ်ပြန်လာတာ​တော့မတွေ့ရသေးပါဘူး။

NSCN-Kနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ” စကစက တမင် ရန်တိုက်တာပါ။ အခြေအနေက ပိုရှုပ်ဖို့ပဲရှိတယ်။ နာရလူကြီးတွေ စဉ်းစားကြပေါ့” လို့ မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ