နိုဝင်ဘာ-၁၁၊၂၀၂၅၊ရှိန်း၊မိုမို/People’s Spring
စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က ကန့်ဘလူနဲ့ ရေဦးမြို့နယ်ဘက်ကနေ နှစ်ဖက်ညှပ်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင် နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြော ပါတယ်။
ဒီကနေ့(နိုဝင်ဘာ ၁၁ ရက်) မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ခင်ဦးနယ်အနောက်မြောက်ခြမ်းက ကျေးရွာတွေကို ကန့်ဘလူဘက်ကလာတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ရေဦးမြို့နယ်ကတက်လာတဲ့ အင်အား၈၀ခန့်ပါ စစ်ကြောင်းက တပြိုင်တည်း စစ်ကြောင်း ထိုးလာတာလို့ ဆိုပါတယ်။
ဒါကြောင့် ငါးရုံကြီး၊ရှားတော၊ကျောက်တိုင်၊ကျီစု၊မုံလှ၊သာဝတ္ထိ၊မြင်းကျ၊သရက်တော၊ကင်းပြစ်၊မန်ကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊သရက်ပင်ပင်စုနဲ့ သက်သာပန်းတောင်းကျေးရွာတွေက ဒေသခံပြည်သူ ငါးထောင်ကျော်ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။

Public Service Announcement
ဒီကနေ့ ညနေ ၆နာရီခွဲဝန်းကျင်အထိ မြေပြင်သတင်းအရ ကန့်ဘလူဘက်က ခြေလျင်စစ်ကြောင်းဟာ ခင်ဦးနယ် အနောက်မြောက်ခြမ်းက ရှားတောရွာနဲ့ ငါးရုံကြီးရွာ နှစ်ရွာကို အဖွဲ့ခွဲ အထိုင်ချနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေဦးမြို့က တက်လာတဲ့စစ်ကြောင်းဟာ သရက်ပင်စုကျရွာကတဆင့် မြင်းကျ၊သာဝတ္ထိရွာဘက်ကိုအထွက်ပြနေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“ ကန့်ဘလူမြို့ ၆၀၀၆ တပ်ဘက်ကနေလဲ စစ်ကူကား သုံးစီး ကာဘိုးဘက်ဦးတည်ထွက်လာတယ်လို့ သတင်းရပါတယ်။ကန့်ဘလူ-ခင်ဦး-ရေဦးအစပ်ကို အင်အားအလုံးအရင်းနဲ့ မွှေမယ့်အခြေအနေပါပဲ” လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ကန့်ဘလူ- ခင်ဦးမြို့နယ်အစပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်အင်အား ၃၀၀ခန့်ရှိပြီး စစ်ရေးအခြေအနေကြောင့် မုံလှ-သာဝတ္ထိ-မြင်းဒေါင်းလမ်းပိုင်း၊ပင်စိမ်းကင်း-ဇီးကန်လမ်းလမ်းပိုင်းတွေအသုံးမပြုဖို့ ၎င်းက တိုက်တွန်းပါတယ်။
ဒါ့အပြင် ခင်ဦး -ကန့်ဘလူ -ရေဦး အစပ်တလျှောက်ကပြည်သူတွေအနေနဲ့ မြေပြင်စစ်ကြောင်းသာမက ဝေဟင်အန္တရာယ်ကိုပါ ဂရုစိုက်ကြဖို့လည်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက ဗျူဟာလမ်းတွေ၊မိန်းလမ်းကြောတွေနဲ့ တော်လှန်ရေးအင်အားစုထိန်းချုပ်တဲ့ နေရာတွေကို စိုးမိုးဖို့ကြိုးစားနေပြီး ပြီးခဲ့တဲ့သြဂုတ်မှာ ကန့်ဘလူမြို့နယ်က ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ပြန်ထိန်းချုပ်ခဲ့ပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်က လမ်းပိုင်းကိုပါ ဆက်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးခဲ့ပေမယ့် တော်လှမ်ရေးအင်အားစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်က ခင်ဦး-ရွှေဘိုလမ်းပိုင်းတိုက်ပွဲမှာ ဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေအများအပြား သေဆုံးခဲ့ပြီး လက်နက်တွေနဲ့ စစ်သုံ့ပန်းအချို့ပါ သိမ်းဆည်းရရှိခဲ့လို့ သက်ဆိုင်ရာတပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။
















































