Connect with us

Hi, what are you looking for?

သတင်း

ထောက်ပို့ရဟတ်ယာဉ်အချို့ရုရှားဆီကဝယ်ယူပြီးစစ်ကောင်စီအင်အားဖြည့်

လေတပ်ရဲ့ ပင်မသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် Mi -17 တွေပစ်ချခံရလို့ ဆုံးရှုံးမှု ရှိလာပြီးနောက်မှာ ရုရှားလုပ် ခေတ်မီ စက်ဘက်သုံး Mi -38 ရဟတ်ယာဉ်တွေကို စစ်ကောင်စီကမှာယူအသုံးပြုလာပါတယ်။

နိုဝင်ဘာ – ၁၁ ၊၂၀၂၅

လေတပ်ရဲ့ ပင်မသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် Mi -17 တွေပစ်ချခံရလို့ ဆုံးရှုံးမှု ရှိလာပြီးနောက်မှာ ရုရှားလုပ် ခေတ်မီ စက်ဘက်သုံး Mi -38 ရဟတ်ယာဉ်တွေကို စစ်ကောင်စီကမှာယူအသုံးပြုလာပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီ က ရုရှားကနေ ဝယ်ယူထားတဲ့ Mi -38 ရဟတ်ယာဉ် သုံးစီးကို တပ်တော်ဝင်ခဲ့ပြီး အဲဒီအခမ်းအနားကို စစ်ကောင်စီခေါင်းဆောင် လည်းတက်ရောက်ပါတယ်။

စစ်ကောင်စီက ဝယ်ယူခဲ့တဲ့ Mi-38 တွေထဲမှာ နှစ်စီးက သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုတဲ့ Mi-38Tတွေဖြစ်ပြီး နောက်တစ်စီးကတော့ အရာရှိကြီးတွေနဲ့ VIP ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ထားတဲ့ အမျိုးအစား လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာလေတပ်မှာ စစ်သည် ၊ ခဲယမ်း ရိက္ခာ သယ်ယူပို့ဆောင်ရေးအတွက် အဓိက အားကိုးနေရတဲ့ Mi -17 အချို့ ပစ်ချခဲ့ရလို့ ဆုံးရှုံးမှုတွေရှိလာပြီးနောက်မှာ Mi -17 ထက် အဆင့်ပိုမြင့် တဲ့Mi – 38 အမျိုးအစားတွေကို ဝယ်ပြီး လေတပ်အတွက် အင်အားဖြည့်လာတာလည်းဖြစ်ပါတယ်။

Mi 38 ရဟတ်ယာဉ်တွေ မှာယူခဲ့တာဟာ ၂၀၂၀ ပြည့်နှစ်ကတည်းကလို့ ယူဆရပြီး အဲဒီတုန်းက ရုရှားရဲ့ စစ်လက်နက် လုပ်ငန်းစုကြီး Rosoboronexportက Mi-38တွေအတွက် ပထမဆုံး ပြည်ပအမှာစာတစ်ခု လက်ခံရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီတုန်းက အမည်မဖော်ပြတဲ့ နိုင်ငံခြား တိုင်းပြည်တစ်ခုက ရဟတ်ယာဉ် သုံး စီး မှာယူခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေ အရတော့ Mi-38T တစ်စီးစီအတွက် ကျသင့်ငွေက ယူရို ၁၈.၉ သန်းစီနဲ့ VIP ဗားရှင်းအတွက်ကတော့ ယူရို ၂၁.၉ သန်းလို့ သိရပါတယ်။

ပြီးတော့ အပိုပစ္စည်းတွေ၊ ရဟတ်ယာဉ်မှူးအတွက် လေ့ကျင့်ရေး အစီ အစဉ်တွေ၊ ပြုပြင်ထိန်းသိမ်းရေး ကိစ္စတွေပါ ထည့်တွက်ရင် စာချုပ်တန်ဖိုးဟာ ယူရို သန်း ၈၀ လောက်ထိ များပြားမယ်လို့ ယုံကြည်ရပါတယ်။

Mi-38တွေဟာ မြန်မာနိုင်ငံကို ဒီထက်စောရောက်ခဲ့သင့်ပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ နည်းပညာ ပြဿနာတွေကြောင့် အချိန်ပိုနှောင့်နှေးခဲ့တာလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရဟတ်ယာဉ်တွေ မှာယူပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့သလို ရုရှားကလည်း အဲဒီ ရဟတ်ယာဉ်တွေရဲ့ အင်ဂျင်တွေကို တည်ဆောက်ရာမှာ နည်းပညာပိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရုရှားဟာ မြန်မာဆီ ပေးပို့ခဲ့တဲ့ သုံး စီး အပါအဝင် Mi-38 ရဟတ်ယာဉ် စုစုပေါင်း ၁၂ စီး တည်ဆောက်ပြီးစီးခဲ့ပြီလို့ ယုံကြည်ရပါတယ်။

အဲဒီမတိုင်ခင် စမ်းသပ်အဆင့် တည်ဆောက်ဖူးတဲ့ လေးစီးလည်း ရှိပါတယ်။ ကျန်တဲ့ ရဟတ်ယာဉ်တွေကိုတော့ ရုရှားအစိုးရရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ကြီးဌာနက အဓိက မှာယူ အသုံးပြုနေပါတယ်။

Mi-38ဟာ အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေရဲ့ မျိုးဆက်သစ်လို့ သတ်မှတ်ထားပါတယ်။ သက်တမ်း ကြာညောင်းနေနှင့်ပြီးသားဖြစ်တဲ့ Mi-8နဲ့ Mi-17 ရဟတ်ယာဉ်တွေ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားပြီး ရဟတ်ယာဉ် တစ်စီးစီမှာ Klimov TV7-117V အင်ဂျင်နှစ်လုံး တပ်ဆင်ထားပါတယ်။

Mi-38တွေဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီကို ၁၈၆ မိုင် လောက်ထိ ပျံသန်းနိုင်သလို လူနဲ့ကုန်စည် စုစုပေါင်း အလေးချိန် ၆ တန်လောက်ကို သယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့ဝင်တွေကို သယ်ယူပို့ဆောင်ရာမှာ လူ ၃၀ စာလောက် ဝင်ဆံ့ပါတယ်။ ရဟတ်ယာဉ်ကို လောင်စာ အပြည့်ဖြည့်ထားရင် မိုင် ၆၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်ပြီး အပိုဆောင်း လောင်စာဆီကန်တွေပါ တပ်ထားရင်တော့ မိုင် ၈၀၀ လောက်ထိ မရပ်မနား ခရီးနှင်နိုင်မယ်လို့ သိရပါတယ်။

Mi-38တွေမှာပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်စနစ်၊ စက်ပစ္စည်း အစိတ်အပိုင်းတွေ တပ်ဆင်ထားပြီး အင်မတန် ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေမှာလည်း ပျံသန်းနိုင်မယ်လို့ ကြေညာထားပါတယ်။

အာတိတ်ဒေသလို အေးခဲနေတဲ့ နေရာတွေ၊ ပူလောင်ခြောက်သွေ့တဲ့ သဲကန္တာရတွေမှာလည်း အဲဒီ ရဟတ်ယာဉ်တွေကို အသုံးပြုနိုင်မယ်လို့ Rosoboronexportက ကြွေးကြော်ထားပါတယ်။

တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ ပုံစံမျိုးစုံနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မြန်မာစစ်တပ်က အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်မှာ အခုလိုမျိုး ရုရှားလုပ် ခေတ်မီ ရဟတ်ယာဉ် အသစ်တွေကိုပါ လက်ခံရရှိလာတာ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ Mi 38 တွေကို ရာသီဉတုဆိုးရွားပြီး တောတောင်ထူထပ်တဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ဆင် ရေးပြုလုပ်ရင် အသုံးချနိုင်တယ်လို့ ရေးသားဝါဒဖြန့်ကြပါတယ်။

ကိုးကား – United 24

ဆက်စပ်သတင်းများ