■ စစ်တပ်ကပြည်သူတွေဖော်ထားတဲ့မြေပဲတွေပါသိမ်းယူ
နိုဝင်ဘာ-၁၁၊၂၀၂၅။ဇေအောင်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူတွေကို ဖမ်းဆီးနေလို့ ကျေးရွာ ၇ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြိုင်နယ်အနောက်တောင်ပိုင်းကိုရောက်ရှိနေတဲ့ပခုက္ကူတပ်မ(၁၀၁)မှ အင်အား ၁၈၀ ခန့်ပါစစ်တပ်စစ်ကြောင်းဟာနိုဝင်ဘာ ၆ ရက်က နှမ်းဆီကန်ရွာမှ နေအိမ် ၂၀ လုံးထက်မနည်း မီးရှို့ပြီး ပြည်သူနှစ်ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်းဟာတွင်းမပျူရွာ၊သရက်ကန်ပျူရွာများမှာရပ်နားပြီးနောက်နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ မြိုင်နယ်၊စက်မှု(၂)ခြံထဲသို့ ရောက်ရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင် မြိုင်နယ်အနောက်တောင်ပိုင်းမှ ပြည်သူ ငါးဦးအား ဖမ်းဆီးသွားပြီး တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစုက တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
“ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း ဒီစစ်ကြောင်းကို ကျနော်တို့ တက်နိုင်သမျှ ကာကွယ်ဖို့အတွက် လုပ်နေကြပါတယ်။ ပြည်သူတွေဘက်ကလည်း ဒီစစ်ကြောင်းရဲ့ရန်၊ လေကြောင်းရန်တွေကို တက်နိုင်သမျှ ကာကွယ်ပြီး ဘေးကင်းလုံခြုံမှုကို ဦးစားပေးနေထိုင်ကြပါလို့ ပြောလိုပါတယ်။ စစ်ဘေးရှောင်တွေကိုလည်း ကျနော်တို့အဖွဲတွေပူးပေါင်းပြီး ကူညီနိုင်ဖို့ ပြင်ဆင်နေကြပါတယ်” လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းကစစ်သားတွေဟာ ပြည်သူတွေရဲ့ ဖော်လက်စမြပဲတွေကိုပါ သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းကြောင့် ကျေးရွာ ၇ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း သိရပါတယ်။
စစ်ကြောင်းက ဘယ်ကိုဦးတည်မယ်ဆိုတာ ခန့်မှန်းလို့ မရသေးတာကြောင့် ပြည်သူတွေအနေနဲ့ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းရန်ကိုပါ သတိပြုကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးနေပါတယ်။
ပခုက္ကူတပ်မ (၁၀၁)ကထွက်လာတဲ့စစ်ကြောင်းဟာ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း မြိုင်စက်မှု(၂)ကို တကြိမ်ရောက်လာခဲ့ဖူးပါတယ်။ မြိုင်ကိုစစ်ကြောင်းထိုးလာတဲ့အခါတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။














































