နိုဝင်ဘာ-၁၁၊၂၀၂၅။အိမ်သွင်/People’s Spring
စစ်တပ်က ဖားကန့်ကို ဒီကနေ့ မွန်းလွဲ၁နာရီခန့်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့တာမှာ ကလေးမိခင်တစ်ဦးသေဆုံးပြီး ကလေးငယ် ဒဏ်ရာရရှိခဲ့ပါတယ်။
နိုဝင်ဘာလ၆ရက်ကစပြီး စစ်ရေးတင်းမာပြီးတဲ့နောက် ဒီနေ့မှာစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတာပါ။ဖားကန့်မြို့၊ ကထန်ကွက်သစ်ထဲကို ဗုံးကြဲတာမှာ နေအိမ်တစ်လုံးပေါ်ကျပြီး အရပ်သားထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာပါ။
“ အမေက ဆုံးသွားပြီ။ကလေးလေးကသနားစရာ။ ဒဏ်ရာတွေနဲ့။ Y12 နဲ့ ပစ်ပြီးတဲ့နောက် ဂျက်ဖိုက်တာထပ်ဝဲနေတယ်” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

Public Service Announcement
သေဆုံးသွားတဲ့အမျိုးသမီးဟာ အသက် ၄၀ခန့်ရှိပြီး ကလေးငယ်ကတော့ အသက် ၅နှစ်ခန့်အရွယ် ယောကျာ်းလေးငယ်ဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ အရင်ကလည်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံအရပ် သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာရခဲ့ပါတယ်။နိုဝင်ဘာလ၈ရက်နေ့ကလည်း စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
ဖားကန့် ဒေသမှာ နိုဝင်ဘာလ၆ရက်နေ့ကစပြီး မြေပြင်တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာတာပါ။ ဖားကန့်နဲ့ ကာမိုင်းကြားက နမ့်ယားရွာ၊ လုံးခင်းကျေးရွာအုပ်စုပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေဖြစ်နေတာပါ ။လက်ရှိစစ်ရေးအခြေအနေအရ လေကြောင်းအန္တရာယ်၊လက်နက်ကြီးအန္တရာယ်နဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA ၊KPDFက သတိပေးထားပါတယ်။
ဖားကန့်၊ မှော်စီစာလမ်းဆုံမှာနိုဝင်ဘာလ၁၀ရက်မနက်ပိုင်းက စစ်တပ်ယာဉ်တန်းကို KIA ၊KPDFက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တာမှာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဒါ့အပြင် ပွိုင့်ဖိုက်အပါအဝင် သေနတ်နဲ့ကျည်ဆန်တွေကို KIA ၊KPDFက သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
စစ်တပ်အထိနာသွားပြီးနောက် လေကြောင်းအန္တရာယ်သတိပေးထားချိန်မှာပဲ စစ်ကောင်စီက ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေကိုပိုကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Kachin Human Rights Watch-KHRWက ထုတ်ပြန်ထားပါတယ်။
















































