နိုဝင်ဘာ – ၁၁ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ရွေးကောက်ပွဲပျက်အောင်နှောင့်ယှက်လို့ဆိုပြီး ကရင်အမျိုးသားအစည်း အရုံး (KNU) ခေါင်းဆောင်ပိုင်းတစ်ဦး ကိုအာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ နဲ့ အမှုဖွင့်လိုက်ပါတယ်။
နိုဝင်ဘာလ ၁၀ ရက် မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ရာ KNU ဒူးသထူ(သထုံ)ခရိုင်ရဲ့ဥက္ကဋ္ဌပဒိုစောစိုးမြင့်အပါအဝင် ၂၂ ဦးကို ရွေးကောက် ပွဲ ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၃ (ခ) နဲ့ သထုံမြို့နယ် ၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဖော်ပြတာပါ။
ကျန်တဲ့ ၂၁ ဦးက မည်သူ ၊ မည်ဝါဖြစ်တယ်ဆိုတာကိုတော့ စစ်ကောင်စီက မဖော်ပြထားပါဘူး။ စစ်ကောင်စီ က အခုလို အမှုဖွင့်တာနဲ့ပတ်သက်ပြီး သဘောထားသိရဖို့ ပဒိုစောစိုးမြင့်ကို ဒီနေ့ (နိုဝင်ဘာလ ၁၁ ရက်) မနက်ပိုင်းမှာ ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ် မရပါဘူး။

Public Service Announcement
စစ်ကောင်စီ ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်မယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက် က ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကြောင့် တရားစွဲတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။
စစ်ကောင်စီဟာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေအပါအဝင်ထိပ်ပိုင်းခေါင်းဆောင် ၁၁ ဦးကိုလည်းရွေးကောက်ပွဲကာကွယ် ရေးဥပဒေပုဒ်မ တွေနဲ့ ကရင်ပြည်နယ် ၊ လှိုင်းဘွဲမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက အမှုဖွင့်ထားပါတယ်။
ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်တဲ့ KNU ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း သဘောထားကြေညာချက် ထုတ်ထားပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဥပဒေအရ တရားမဝင်တဲ့အပြင်ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမှာမရှိ တာကြောင့် လိုသလို အဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် လက်မခံဘဲ ဆန့်ကျင်မယ်လို့ KNU က အတိအလင်းပြောထားပါတယ်။
KNU ဒူးသထူ(သထုံ)ခရိုင်ရဲ့ ဥက္ကဋ္ဌ ပဒိုစောစိုးမြင့် ဓာတ်ပုံ – KNU


















































