Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

၂၀၂၅ နိုဝင်ဘာလဆန်းပိုင်းက ဗန်းမောက် မြို့တွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေဗုံးကြဲမှုအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

နိုဝင်ဘာ-၁၁၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၁၁ရက်) မနက် ၉ နာရီကနေ ၁၀ နာရီအထိ Y12 လေယာဥ်နဲ့ ဗုံးတွေပတ်ကြဲနေတာလို့ ဆိုပါတယ်။

“ အထိအခိုက်အပျက်အစီးတွေကို မသိရသေးဘူး။ဗုံး တွေကတော့ တဝုန်းဝုန်းကို ကြဲနေတာ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြို့အနီးမြေပြင်တိုက်ပွဲတွေ ပြင်းထန် ချိန်နဲ့ ဒါမှမဟုတ် စစ်ကောင်စီတပ်နဲ့ SNAတပ် ထိခိုက်မှုတွေ ရှိပါက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်လေ့ရှိတယ်လို့ ဗန်းမောက်မြို့ စစ်ရေးသတင်ရင်းမြစ်က အသိပေးပါတယ်။

“ တိုက်ပွဲက နေ့တိုင်းရှိသလို လေယာဥ်တွေလည်း ရက်ဆက် ဗုံးလာကြဲတယ်။ပြီးခဲ့တဲ့ နှစ်ရက်ကဆို ဂျက်ဖိုက်တာတွေရော Y12 ရော အကုန်သုံးပြီး ကြဲတာ။အဲဒီတော့ မြေပြင်တိုက်ပွဲအခြေအနေ ဘာဖြစ်နေလဲဆိုတာ သိသာတယ်” လို့ ၎င်းက ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ SNA တပ်သားတွေ သေဆုံးထိခိုက်မှုများခဲ့ပြီး အလောင်းတွေပါ ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။

ဗန်းမောက်မြို့ပြန်ရရေး စစ်ကြောင်းထိုးရာလမ်းတလျှောက် ကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာအပြင် ပြည်သူပိုင်ပစ္စည်းတွေ ယူ ဆောင်တာနဲ့ ဒေသခံပြည်သူတွေ ဖမ်းဆီးခေါ်ဆောင် သွားတာရှိတယ်လို့လည်း ဗန်းမောက်မြို့ခံတချို့က ဆိုပါတယ်။

ဒါအပြင် မြို့အနောက်ဘက်ခြမ်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်မှာ အင်အား ၅၀၀ဝန်းကျင်ရှိတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)လက်အောက်ခံတပ်ရင်းအချို့အားဖြည့်ထားတဲ့အပြင် အရင်မြို့နယ်အတွင်း တပ်စွဲခဲ့တဲ့ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၂၀ ဝန်းကျင်နဲ့ မြို့ပေါ် လေးရပ်ကွက်က ပြည်သူ နှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဗန်းမောက် ပကဖက ထုတ်ပြန်ထားပါတယ်။

ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၉ရက်ကစပြီး ဗန်းမောက်မြို့နယ်မှာ စစ်ဆင်ရေးလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက်နိုင်ဖို့ ည ၉နာရီကနေ မနက် ၅နာရီထိ ညမထွက်ရအမိန့် ရက်အကန့်အသတ်မရှိ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ