နိုဝင်ဘာ-၁၃၊၂၀၂၅။People’s Spring
အာဏာသိမ်းစစ်ကောင်စီရဲ့မဟာမိတ်ကရင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)နဲ့ အဖွဲ့ခေါင်းဆောင် ၄ဦး၊ သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်း အရေးယူဒဏ်ခတ်လိုက်ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်ခဲ့တဲ့ DKBA ခေါင်းဆောင်တွေကတော့စောစတီးလ်၊ စောစိန်ဝင်း၊ စောစန်းအောင်နဲ့ စိုင်းကျော်လှတို့ ဖြစ်ပါတယ်။ DKBA ဟာ စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်တပ်ကိုခုခံတိုက်ခိုက်တာမရှိပဲစစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပုံမှန်တက် နေတဲ့အဖွဲ့ဖြစ်ပါတယ်။
ဒုဗိုလ်ချုပ်ကြီး စောစတီးလ်ဟာ DKBA ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်စောဆန်းအောင်ဟာ DKBA ရဲ့ စစ်ဦးစီးအရာရှိချုပ်ဖြစ်သလို ဗိုလ်မှူးချုပ် စိုင်းကျော်လှ ဟာ စစ်ဦးစီးအရာရှိဖြစ်ပါတယ် ။ဗိုလ်မှူးကြီးစောစိန်ဝင်းက DKBA ရဲ့ စစ်ရေးချုပ်ပါ။

Public Service Announcement
အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို အဓိက တာဝန်ယူတဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ရာမှာတော့ DKBAအပြင် အဆက်အနွှယ် ကုမ္ပဏီတွေဖြစ်တဲ့ Trans Asia International Holding Group Thailand နဲ့ Troth Starတို့လည်း အရေးယူ ပိတ်ဆို့ခံရတဲ့ စာရင်းမှာ ပါဝင်လာတာကို တွေ့ရပါတယ်။ နောက်ပြီး တရုတ် ဒုစရိုက်ဂိုဏ်းတွေနဲ့ အဆက်အစပ် ရှိနေတဲ့ ထိုင်းနိုင်ငံသား ချာမူဆာဝမ်လည်း ပါဝင်ခဲ့ပါတယ်။
အမေရိကန်က ကြေညာခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ အဓိက အကြောင်းရင်းကတော့ အဲဒီလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ အမေရိကန် နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေနဲ့ တိုက်ရိုက် ယှက်နွှယ် ပတ်သတ်နေတာကြောင့်လို့ ဖော်ပြထားပါတယ်။
ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေဟာ DKBAနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲမှာ ငွေကြေးလိမ်လည်မှု ဒုစရိုက် ကွန်ရက်တွေ ထူထောင်ထားကြောင်း၊ အဲဒီဂိုဏ်းတွေရဲ့ လူမှောင်ခိုမှုတွေမှာလည်း သားကောင်ဘဝ ကျရောက်ခဲ့သူ အများအပြား ရှိခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ဂျွန်ကေ ဟာလေက ပြောကြားခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် အလွတ်မပေးစတမ်း ခြေရာခံ ရှာဖွေနေပြီး အမေရိကန် မိသားစုတွေကို ကာကွယ်နေမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
အမေရိကန်မှာ ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)၊ အထူး လျှို့ဝှက် ထောက်လှမ်းရေးဌာန၊ တရားရေး ဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာနတွေ ပူးပေါင်းပြီး ကျားဖြန့် နှိမ်နင်းရေး အထူးတပ်ဖွဲ့ တစ်ခုကို ဖွဲ့စည်းဖို့လည်း စီစဉ်ထားပါတယ်။ အဲဒီ ယူနစ်ရဲ့ ရည်ရွယ်ချက်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေထဲက ကျားဖြန့် ကွန်ရက်တွေကို ဖြိုခွဲဖို့၊ သားကောင်ဖြစ်ခဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့လို့ ဆိုပါတယ်။
အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်လာတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး အမေရိကန်မှာ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေ၊ အမေရိကန် နိုင်ငံသားတွေက ထိန်းသိမ်းပေးထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို သိမ်းဆည်းထားမှာ ဖြစ်သလို အဲဒီ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမေရိကန် နိုင်ငံသားတွေက လုပ်ငန်း ဆောင်ရွက်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ ချိုးဖောက်ရင် ကြီးလေးတဲ့ ရာဇဝတ်ပြစ်ဒဏ်၊ ဒဏ်ကြေးတွေ ကြုံနိုင်တယ်လို့လည်း တစ်ပါတည်း သတိပေးထားပါတယ်။
ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီ ပိတ်ဆို့ အရေးယူမှုတွေဟာ ရာဇဝတ်မှုတွေကို တားဆီးဖို့၊ ကျူးလွန်သူတွေကို အပြစ်ပေးဖို့ အတွက်သာ မကဘဲ နစ်နာသူတွေကိုပါ အကာအကွယ်ပေးဖို့ ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။
စစ်တပ် နဲ့ BGF တို့က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းတယ်ဆိုပြီ KK Park မှာလုပ်ကိုင်နေသူတွေကို ပြန်ခိုင်းပြီး အဆောက်အအုံတွေကို ဗုံးခွဲနေပေမယ့် ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် အထက်ပါကျားဖြန့်လုပ်ငန်းနေရာတွေကိုတော့ တို့ထိခြင်းမရှိပါဘူး။
● မှတ်ချက် ။ သတင်းကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီ ၄၃ မိနစ်မှ ထပ်မံဖြည့်စွက်ထားပါတယ်။
ကိုးကား: Department of the Treasury


















































