Connect with us

Hi, what are you looking for?

သတင်း

ကနီတိုက်နယ်ဆေးရုံ စစ်တပ်ဗုံးကြဲမှု သက်သေမှတ်တမ်းတွေပေးပို့ဖို့ NUG တောင်းဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သက်သေမှတ်တမ်းတွေပေးပို့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တောင်းဆိုချက်ထုတ်ပြန်ပါတယ်။

ကနီမြို့နယ်၊ ဝင်မနားရွာ တိုက်နယ်ဆေးရုံကို တွေ့ရစဉ်။ ဓာတ်ပုံ - KANI News

နိုဝင်ဘာ-၁၃၊ ၂၀၂၅။ ပုရစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သက်သေမှတ်တမ်းတွေပေးပို့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တောင်းဆိုချက်ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၁ရက်က ကနီမြို့နယ်၊ ဝင်မနားရွာ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ရက်မနက်မှာ စက်တပ်လေထီး အသုံးပြုလေကြောင်းဗုံးကြဲခဲ့တာလို့ဒေသတွင်း သတင်းတွေဖော်ပြနေတဲ့ People’s Defense Comrade က အသိပေးထားပါတယ်။ နမခတက်လာတဲ့ ပါရာမော်တာစက်တပ်လေထီး ၂စီးနဲ့ ဗုံးကြဲတာအပြင် စက်သေနတ် အသုံးပြု တိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

” တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ” လို့ PDCက ရေးသားကာ တော်လှန်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ လေကြောင်းအထူးဂရုစိုက်ဖို့ သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလေကြောင်း တိုက်ခုက်မှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့ရာပြည်သူတွေဆေးကုသမှုခံယူနေတဲ့ ဆေးရုံအား လေကြောင်းတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေရရှိနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

တရားမျှတမှုအတွက် နိုင်ငံတကာကို ပေးပို့နိုင်ဖို့ အချက်အလက်ကောက်ယူမှုတွေကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အစွမ်းကုန်ကြိုးစားနေပြီး ရရှိပါက လူထုကိုလည်း ပြန်လည်တင်ပြသွားမှာဖြစ်ကြောင်း ဖော်ပြကာ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို မြေပြင်မှာ သိရှိရတဲ့ အချက်အလက်၊ သက်သေမှတ်တမ်းတွေကို ရနိုင်သမျှစုစည်းပြီး ဝန်ကြီးဌာနကိုပေးပို့ နိုင်ကြောင်း ဖော်ပြထားပါတယ်။

” အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့မှုကြောင့် ထိခိုက်သေဆုံးမှု၊ဒဏ်ရာရရှိမှု၊ နေအိမ်အဆောက်အအုံနဲ့ ဆေးရုံအဆောက်အအုံများပျက်စီးမှု၊ ထိခိုက်နစ်နာသူတို့နဲ့သက်ဆိုင်တဲ့အချက်အလက်တွေအပြင်အကြမ်းဖက်စစ်အုပ်စု အသုံးပြုတဲ့ စစ်လက်နက်ဆိုင်ရာ သက်သေမှတ်တမ်းကျန်ရစ်မှုတွေကို ဓါတ်ပုံ၊ ဗီဒီယိုနဲ့သော်လည်းကောင်း အချက်အလက်အနေနဲ့သော်လည်းကောင်းပေးပို့နိုင်ပါတယ်”လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပေးပို့ရာမှာ ဝန်ကြီးဌာနရဲ့email- report@mohr.nugmyanmar.org လည်းကောင်း၊လူမှုကွန်ရက်စာမျက်နှာမက်ဆင်ဂျာမှတဆင့်သော်လည်းကောင်း၊ telegram account -username @reportMOHR သို့လည်းကောင်း ဘေးအန္တရာယ်ကင်းသော နည်းလမ်းဖြင့်လုံခြုံစွာပေးပို့နိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။

စစ်အုပ်စုဟာ အပြစ်မဲ့ပြည်သူလူထုအပေါ် ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေအတွက် ဧကန်မုချမလွဲအပြစ်ပေးအရေးယူခံရမှာဖြစ်ကြောင်းနဲ့ ဝန်ကြီးဌာနအနေနဲ့ ဒါတွေကိုအဆက်မပြတ်အားထုတ်ကြိုးပမ်းနေကြောင်း ထပ်လောင်းအသိပေးခဲ့ပါတယ်။

စစ်အုပ်စုကျူးလွန်တဲ့ မြေပြင်သက်သေမှတ်တမ်းတွေဟာ စစ်အုပ်စုအရေးယူအပြစ်ပေးခံရနိုင်ဖို့ အဓိကကျတယ်လို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်ရှိအချိန်မှာ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို အသက်သွင်းနေသလို တဖက်မှာလည်း လူထုအပေါ်အကြမ်းဖက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် အကြမ်းဖက်ကျူးလွန်မှု၊ စစ်ရာဇဝတ်မှု ကိန်းဂဏန်းတွေဟာလည်းတရှိန်ထိုးမြင့်တက်နေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ