Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်အား ICC ချက်ချင်းချမှတ်ဖို့ မြန်မာသံအမတ်ကြီး တောင်းဆို

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်အား ချက်ချင်းချမှတ်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - မြန်မာကိုယ်စားလှယ်ရုံး 

နိုဝင်ဘာ-၁၃၊ ၂၀၂၅။ People’s Spring

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်အား ချက်ချင်းချမှတ်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

အကြိမ်(၈၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေးရဲ့ ‘နိုင်ငံတကာရာဇဝတ်ခုံရုံး အစီအရင်ခံစာ’ ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုကို နိုဝင်ဘာ ၁၁ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၀)ကျော်မှ ကိုယ်စားလှယ်တွေ မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။​ အဲဒီအစီအစဥ် မိန့်ခွန်းပြောကြားမှုမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ထည့်သွင်းတောင်းဆိုခဲ့တာပါ။

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး တရားမျှတသော အနာဂတ်ကို ရရှိစေဖို့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုမှာ အဖွဲ့ဝင်နိုင်ငံ အားလုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်ကြဖို့လည်း သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဆင့်ရှိ ကြီးလေးသော ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေကြောင်းနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အဲဒီရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေနဲ့ အချက်အလက်တွေကိုလည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာအသီးသီးမှာ အတိအလင်း ဖော်ပြထားကြောင်း သံအမတ်ကြီးက ရှင်းပြပါတယ်။

တရားမဝင်အာဏာသိမ်းဖို့ ကြိုးပမ်းမှု ဖြစ်ပြီးနောက် လေးနှစ်ကျော် ကာလအတွင်း အကြမ်းဖက် စစ်တပ်ဟာ အရပ်ဘက်၊ စစ်ဘက်ခွဲခြားမှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၇၄၄ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄,၁၃၅ ဦး သေဆုံးခဲ့ကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အအုံပေါင်း တစ်ထောင်ကျော် အပါအဝင် ပုဂ္ဂလိကပိုင်ပစ္စည်း စုစုပေါင်း ၁၀၀,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂညီလာခံမှာ အစီရင်ခံပါတယ်။

အမျိုးသမီး၊ မိန်းကလေးငယ်များနဲ့ ကလေးငယ်များ အပါအဝင် အရပ်သား ၄,၇၆၃ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၄၅၂ကြိမ်အထိ ကျူးလွန်ခဲ့ကြောင်းလည်း ထည့်သွင်းအစီရင်ခံပါတယ်။

ပြီးခဲ့တဲ့၂၀၂၄ နိုဝင်ဘာမှာ ICC ရဲ့ တရားစွဲအရာရှိက အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးကို လျှောက်ထားခဲ့မှုကြောင့် မြန်မာပြည်သူတွေ မျှော်လင့်ချက်တွေ ပြန်လည်မြင့်တက်လာခဲ့ပေမယ့် တစ်နှစ်နီးပါး အချိန်ကြာမြင့်လာချိန်အထိ တရားစွဲအရာရှိရဲ့ လျှောက်ထားချက်နဲ့ပတ်သက်လို့ သိသာ ထင်ရှားတဲ့ တိုးတက်မှုများ မရှိသေးဘူးလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။

မြန်မာပြည်သူတွေရဲ့ စိတ်ပျက်မှုများ ပို၍ ကြီးမားလာကာ ICC ရဲ့ အချိန်မီထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်နေကြောင်းလည်း ထောက်ပြပါတယ်။

မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးများနဲ့ ကလေးငယ်များဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဆိုးရွားလှသော ရာဇဝတ်မှုတွေရဲ့ ဒဏ်ကို ဆိုးရွားစွာ ခံစားနေရတဲ့အတွက် အခုလို ပြောကြားရတာဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ နာရီတိုင်း၊ မိနစ်တိုင်းမှာ ပြည်သူတွေကို သတ်ဖြတ်၊ နှိပ်စက်ကာ ခွဲခြားမှုမရှိသော လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနဲ့ နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများနဲ့ ဘာသာရေးအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းများ ဆောင်ရွက်နေချိန်မှာ မြန်မာပြည်သူများအတွက် အချိန်မီ အရေးယူဆောင်ရွက်မှုတွေ ကင်းမဲ့နေခြင်းဟာ ဝမ်းနည်းဖွယ်ရာ ဖြစ်ကြောင်း သံအမတ်ကြီးက ကုလညီလာခံမှာ ပြောပါတယ်။

ဆက်စပ်သတင်းများ