Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်မှာ အဖွဲ့ထဲကပါဝင် လုပ်ကိုင်ကြသူတွေရှိတယ်လို့ DKBA ဝန်ခံ

ကျားဖြန့် လို့လူသိများတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)အဖွဲ့ထဲကပါဝင်လုပ်ကိုင်ကြသူတွေရှိတယ်လို့ DKBA ရဲ့ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်စောစိန်ဝင်းက ဝန်ခံလိုက်ပါတယ်။

DKBA ခေါင်းဆောင်ပိုင်းတွေကိုတွေ့ရပုံ ဓာတ်ပုံ - DKBA

နိုဝင်ဘာ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကျားဖြန့် လို့လူသိများတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)အဖွဲ့ထဲကပါဝင်လုပ်ကိုင်ကြသူတွေရှိတယ်လို့ DKBA ရဲ့ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်စောစိန်ဝင်းက ဝန်ခံလိုက်ပါတယ်။

DKBA ခေါင်းဆောင်ပိုင်း လေးဦးဟာ အမေရိကန်နိုင်ငံသားတွေကိုပစ်မှတ်ထား လိမ်လည်တဲ့ အွန်လိုင်း ငွေလိမ်လည်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာကြောင့် အမည်ပျက်စာရင်းသွင်းခံရပြီး အရေးယူပိတ်ဆို့ခံရပြီးနောက်မှာ DKBA က ဝန်ခံလာတာပါ။

“ DKBA နဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ပြောရင်လည်းပြောလို့ရတယ်၊ DKBA အဖွဲ့ထဲမှာလည်း ဒီလုပ်ငန်းလုပ်တဲ့လူရှိသလို မလုပ်တဲ့လူတွေလည်း အများကြီးရှိပါတယ်၊ အဲ့ဒါတွေက အကုန်လုံးသူ လုံးထွေးလိုက်တယ်ဆိုတဲ့သဘော သူတို့မြင်တယ်” လို့ အမည်ပျက်စာရင်းသွင်းခံရသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှုးချုပ်စောစိန်ဝင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

DKBAရဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီးလ်၊ စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်၊ စစ်ဦးစီးအရာရှိ ဗိုလ်မှူးချုပ်စိုင်းကျော်လှနဲ့ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စောစိန်ဝင်းတို့ကို နိုဝင်ဘာလ ၁၂ ရက်မှာ အမေရိကန်က အမည်ပျက်စာရင်းသွင်းလိုက်တာပါ။

DKBA အနေနဲ့တော့ကျားဖြန့် လုပ်ငန်းတွေ လျော့နည်းအောင်လုပ်ဆောင်နေတယ်လို့ ဗိုလ်မှုးချုပ်စောစိန်ဝင်းက ဆိုပါတယ်။

DKBA ထိန်းချုပ်ဒေသတွေဖြစ်ကြတဲ့ထိုင်း-မြန်မာနယ်စပ်နားက ကရင် ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်ကျေးရွာနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွေမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေကြဆဲလို့ ဒေသခံတွင်းသတင်းမြစ်တွေဆီက သိရပါတယ်။

ဒါအပြင် KK Park လုပ်ငန်းခွင်ကနေ ထွက်ပြေးသွားတဲ့ ကျားဖြန့်ထိပ်ပိုင်းတချို့ဟာလည်း ကျောက်ခက်နဲ့ ဘုရားသုံးဆူမြို့ဆီ ရောက်ရှိလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

DKBA ဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ် တကျော့ပြန် အာဏာသိမ်းပြီးနောက် နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာမှာ DKBA လည်းပါဝင်ပါတယ်။

ဒါအပြင် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်လို့ DKBA က တရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ