နိုဝင်ဘာ – ၁၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
စစ်တပ်မြို့ ပြင်ဦးလွင်မြို့လယ်နားက ရွှေဆိုင် ဓားပြတိုက်ခံရတဲ့ မနေ့ ( နိုဝင်ဘာလ ၁၂ ရက်) ညမှာတင် မန္တလေးနဲ့ ပြင်ဦးလွင်မှာ စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးတာတွေကိုတင်းကျပ်လိုက်တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မန္တလေးမြို့ နဲ့ ပြင်ဦးလွင် လမ်းတွေ မှာ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က လမ်းသွားလမ်းလာတွေကို တားဆီးပြီး ရှာဖွေစစ်ဆေးလာတာပါ။
“ မျက်နှာကို ဓာတ်မီးနဲ့ထိုးပြီးကို စစ်မေးတာ”လို့ မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်မှာ နိုဝင်ဘာ၁၂ရက် ညပိုင်းက စစ်ဆေးခံရသူတစ်ဦးကပြောပါတယ်။

Public Service Announcement
မန္တလေးမှာဆိုရင် မြို့နယ်ချင်းဆက်နေရာတွေ ၊ မြို့ အဝင်အထွက်နေရာတွေမှာ အင်အားအများအပြားချပြီး စစ်ဆေးတာ လို့ သိရပါတယ်။
စစ်သား ၊ ရဲ နဲ့ လက်ဝေခံ ပျုစောထီး အင်အား ၁၅ ဦးထက်မနည်းပါဝင်တဲ့အဖွဲ့ဟာ အထိုင်ချစစ်ဆေးတာမျိုးမဟုတ်ဘဲ ရွေ့လျား ပုံစံနဲ့စစ်ဆေးနေတာလည်းဖြစ်ပါတယ်။
“ဒီဟာ(ဓားမြမှု)ဖြစ်ပြီးတော့မှ ညဘက်စစ်လာတယ်၊ မြို့ပေါ်လည်းစစ်သလို ရွာဘက်တွေမှာလည်း စစ်တာဆေးတာတွေရှိလာတယ်”လို့ ပြင်ဦးလွင် နာရီစင်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။
ပြင်ဦးလွင်မြို့ပေါ်အနီးက ကျေးရွာတွေဘက်မှာလည်း ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၂ ရက်မနက်ပိုင်းက ပြင်ဦးလွင်မြို့လယ် နာရီစင်အနီးက အောင်စံပယ်ရွှေဆိုင် ကို သေနတ်အတိုကိုင် အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်ပါတယ်။
အဲဲဒီဖြစ်စဉ်မှာ လုံခြုံရေးအမျိုးသား သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပြီး အနီးဝန်းကျင်ကသူတွေ ဝိုင်းဖမ်းလို့ ဓားပြ တစ်ဦးကို ဖမ်းမိပါတယ်။တစ်ဦးကတော့ လွတ်မြောက်နေဆဲလို့သိရပါတယ်။
















































