နိုဝင်ဘာ-၁၃၊ ၂၀၂၅။မေရီ/People’s Spring
ရုပ်ရှင်လောကသားတွေ ရှယ်ယာထည့်ထားတဲ့မန္တလေးမြို့က ပါရာဒီဆိုရုပ်ရှင်ရုံသစ် ဒီကနေ့ညနေပိုင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် ညနေ ၅နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆လမ်း၊ ၄၂ လမ်းအနီးမှာ ဆောက်လုပ်ဆဲဖြစ်တဲ့ ပါရာဒီဆို ရုပ်ရှင်ရုံဟာ မီးလောင်ကျွမ်းခဲ့တာပါ။
“ ရုံက ဖွင့်တော့မယ်ကြားနေတာ။ ရုံအသစ်ကြီးလောင်တာ။” လို့ ဒေသခံအမျိုးသားတဦးက ပြောကာတယ်။

Public Service Announcement
အဲဒီရုပ်ရှင်ရုံဟာ ၂၀၂၀ ပြည့်နှစ်မှာ စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါနဲ့တိုးလို့ ဆောက်လုပ်ရေးတွေရပ်နားခဲ့တာဖြစ်ကြောင်း၊ တခါမှမပြရသေးတဲ့ ရုံအသစ်ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မိနစ်အနည်းငယ်ကြာတဲ့ လောင်ကျွမ်းမှုမှာရုံအပြင်ပိုင်း ပျက်စီးမှုမရှိပေမဲ့ အတွင်းခန်းတွေ ပျက်စီးတယ်လို့ မီးသတ်တွေဆီက သိရပါတယ်။
ဘယ်လိုကနေ စတင်လောင်ကျွမ်းခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
ပါရာဒီဆိုရုပ်ရှင်ရုံတွေဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ၂၀၁၇ ခုနှစ်ကနေ ရုံတစ်ရာစီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ရုံတစ်ရာမပြည့်ခင်မှာပဲ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလနဲ့တိုးပြီး ရုံတွေပိတ်သိမ်းခဲ့ရပါတယ်။
အာဏာသိမ်းကာလအတွင်း ၂၀၂၂ ခုနှစ် ဧပြီလမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခဲ့ပေမဲ့ လူလာမကြည့်ကြလို့ ပါရာဒီဆိုရုပ်ရှင်ရုံတွေရဲ့ထက်ဝက်နီးပါး အပြီးပိတ်သိမ်းလိုက်ရပါတယ်။
















































